ညောင်ဦး ၁၅ နိုဝင်ဘာ
ဌာနပေါင်းစုံ စုပေါင်း၍ အကြိမ်(၂၀)မြောက် မိုးပေါ်ကျကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ယနေ့နံနက် ၉ နာရီ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒ စရိယ ဘဒ္ဒန္တဣန္ဒဝံသ၊ ရုပ်စုံကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ခြင်း၊ ဒကာ/ဒကာမများမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသီရိထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)


