ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးမှာမွေးရာပါအမှတ်လေးပါလာတယ်နော်။ လူဝင်စားတာထင်တယ်ဆိုတဲ့ အလေ့အထ မြန်မာလူမျိုးတွေမှာရှိပါတယ်။ ဒီအမှတ်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါ့ထက်ပိုမသိချင်ဘူးလား။ အမှတ်ကလေးတွေအကြောင်း သေသေချာချာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပေးပါနော်။

မွေးရာပါအမှတ်ဆိုတာဘာများလဲ………..

မွေးရာပါအမှတ်ဆိုတာ မေမေ့ဗိုက်ထဲက မွေးလာကတည်းက ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါလာတဲ့ ပုံမှန် အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာ ဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေက အရောင်အမျိုးမျိုးနဲ့ဖြစ်နိုင်သလို ပုံစံကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေး အသက်အရွယ်ကြီးလာတာနဲ့အမျှ ကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။

ဘာကြောင့်အမှတ်ဖြစ်ရတာလဲ……

အခုချိန်ထိ အမှတ်ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပါဘူး။ လူတော်တော်များများ ထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့် ဖြစ်တာမဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးတွေရှိနေပေမယ့်လည်း  အခုချိန်ထိ ဘယ်အချက်က မှန်လဲဆိုတာကို တိတိကျကျ သက်သေအထောက်အထား ပြနိုင်တာမျိုး မရှိသေးပါဘူး။

အမှတ်ကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်လား……..

အမှတ်အများစုကတော့ ကျန်းမာရေးပြဿနာမဖြစ်စေနိုင်ပါဘူး။ အချို့အမှတ်တွေဆို အရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် အမှတ်တိုင်းက နောက်ဆက်တွဲကျန်းမာရေးပြဿနာမရှိနိုင်တာတော့မဟုတ်ပါဘူး။ အချို့ဆံချည်မျှင်သွေးကြောလေးတွေပါဝင်နေတဲ့ အမှတ်တွေဆိုရင် မအီမသာဖြစ်တာမျိုး၊ ထိမိရင်သွေးထွက်တာကနေတဆင့် အနာဖြစ်ပြီးပိုးဝင်တာနဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်တာမျိုးခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ကုသမှုခံယူဖို့လိုမလဲ……….

အမှတ်ကသူ့အလိုလိုပျောက်သွားတာမျိုးမဟုတ်ဘဲ အခုလိုအနေအထားမျိုးတွေဖြစ်လာမယ်ဆိုရင် ကုသမှုအမြန်ဆုံးခံယူစေချင်ပါတယ်။

  • အမှတ်က ပုံစံပြောင်းလာမယ်ဆိုရင်
  • တဖြည်းဖြည်းကြီးလာမယ်
  • မအီမသာဖြစ်မယ် (အမှတ်နေရာက နာတာမျိုးဖြစ်မယ်)
  • မျက်ခွံပေါ်မှာဖြစ်မယ် (အမှတ်ကလည်းတဖြည်းဖြည်းကြီးလာမယ်)
  • အမှတ်ကြောင့် မျက်လုံး၊ ဦးနှောက်နဲ့အ ရေပြားကသွေးကြောလေးတွေကို ထိခိုက်မှုရှိလာမယ်ဆိုရင်တော့ ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။

ဘယ်လိုကုထုံးတွေရှိလဲ…………….

မွေးရာပါအမှတ်တွေအတွက် ကုထုံးတွေက တစ်ခုမကရှိနေနိုင်ပါတယ်။ တကယ်လို့ အမှတ်က အမြင်အာရုံ၊ စားတာသောက်တာ၊ အကြားအာရုံ နဲ့ အခြားဆိုးဆိုးရွားရွား ထိခိုက်စေတာမျိုးမရှိရင် ဒါမှမဟုတ် ကျန်းမာရေးပြဿနာတစ်ခုခုမဖြစ်ဘူးဆိုရင် ဒီအတိုင်းထားလိုက်တာက အဆင်အပြေဆုံးပါ။ နောက်ဆက်တွဲပြဿနာတွေရှိလာမယ်။ ကြည့်ရဆိုးမယ်ဆိုရင် အခုလိုကုထုံးတွေကို သုံးပြီး မွေးရာပါအမှတ်တွေကို ကုသလို့ရပါတယ်။  အမှတ်အမျိုးအစား၊ အရွယ်အစားနဲ့ ဖြစ်တဲ့နေရာကိုလိုက်ပြီးတော့တော့ ကုထုံးအမျိုးအစားကွာခြားနိုင်ပါတယ်။

ဆေးသောက်တဲ့ကုထုံး– အမှတ်ကို ထပ်ပွားမလာစေဖို့  အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို ပုံမှန်သောက်ပေးရုံပါ။ ဆရာဝန်က အမှတ်အနေအထားကို ကြည့်ပြီး ပေးတဲ့ ဆေးအမျိုးအစားကတော့ ကွာခြားမှုရှိနိုင်ပါတယ်။

ဆေးထိုးတဲ့ကုထုံး – ဆေးထိုးပြီး အမှတ်ထပ်ပွားမလာအောင်လုပ်ပေးတာပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်ဆေးထိုးပေးဖို့တော့လိုပါမယ်။

လေဆာကုထုံး– အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အမှတ်တွေကို အထိရောက်ဆုံး ဖယ်ရှားကုသပေးနိုင်တဲ့ နည်းလမ်းပါ။ အပေါ်ကနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုရင် လေဆာရောင်ခြည်ကိုသုံးပြီး အမှတ်တွေကိုဖယ်ရှားပါလိမ့်မယ်။

ခွဲစိတ်ကုထုံး – အခြားနည်းလမ်းတွေကို စမ်းကြည့်ပေမယ့် လုံးဝအဆင်မပြေဘူးဆိုခဲ့ရင်တော့ ခွဲစိတ်ကုသမှု နည်းလမ်းကို အသုံးပြုပြီး အမှတ်ကို ဖယ်ရှားပါလိမ့်မယ်။ ခွဲစိတ်ကုသဖို့လိုမလားဆိုတာကိုတော့ ဆရာဝန်ကဆုံးဖြတ်ပေးပါလိမ့်မယ်။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”