နေပြည်တော် ၁၅ နိုဝင်ဘာ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် လက်ရှိစက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံသည် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို စီမံကြီးကြပ်လည်ပတ်နိုင်ရေးကို အဓိက ဦးစားပေးထားသော ဖွဲ့စည်းပုံဖြစ်ပါကြောင်း၊ ဗဟိုအုပ်ချုပ်သည့် စီးပွားရေးစနစ်အတွက် လိုအပ်သည့် အုပ်ချုပ်ရေးယန္တရားများနှင့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရာ တွင် အရေးပါသော လုပ်ငန်းစဉ်များကို ယခုဖွဲ့စည်းပုံတွင် ရောထွေးစွာ ဖွဲ့စည်းထား သည်ကို တွေ့ရှိရပါကြောင်း၊ လက်ရှိနိုင်ငံတော်၏ စီးပွားရေးစနစ်သည် Command Economy စနစ်မှ Market Economy ဖြစ်သည့် ဈေးကွက်စီးပွားရေးစနစ်ကို ဦးတည်နေသည့်အတွက် ယင်းဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည် ဖော် ဆောင်နိုင်မည့် စက်မှုကဏ္ဍဆိုင်ရာ မူဝါဒများနှင့် ကြီးကြပ်ထိန်းကွပ်မှုများကို ဆောင်ရွက်နိုင်မည့် ဖွဲ့စည်းပုံအသစ်တစ်ခုသို့ အသွင်ကူးပြောင်းရေးသည် များစွာအရေးကြီး ပါကြောင်း။
ထို့ကြောင့် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (၂)ခုကို ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိရောက်မြန်ဆန်စေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်လည်း စက်မှုဝန်ကြီးဌာန ကို ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေး၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန စသည်ဖြင့် စီးပွားရေးနှင့်ဆက်စပ်သောဝန်ကြီးဌာနများဖြင့် ပူးတွဲ ဖွဲ့စည်းလေ့ရှိကြပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေအရ မြန်မာနိုင်ငံအတွက် Strategic Economic Planning များကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေများကို စနစ်တကျ စီမံခန့်ခွဲလျက်ရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနကို ပူးပေါင်း၍ ဖွဲ့စည်းရန် အသင့်လျော် ဆုံး ဖြစ်ပါကြောင်း။
ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးသည်လည်း စက်မှု ဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်နေသည့်အတွက် ထိုကဲ့သို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်း အားဖြင့် အသွင်ကူးပြောင်းရေး ဆိုင်ရာလုပ်ငန်းစဉ်များအားလုံးကို ဝန်ကြီးဌာနတစ်ခု တည်းအောက်တွင် တစ်စုတစ်စည်းတည်းဖြစ်စေသဖြင့် စီမံကိန်းနှင့် ပြုပြင်ပြောင်း လဲရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် များစွာထိ ရောက်မြန်ဆန်စေမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် လွန်ခဲ့သည့် နှစ်နှစ်တာကာလ ကတည်းက စက်မှုဝန်ကြီးဌာန၏ ရပ်ဆိုင်းထားရ သည့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာသုံးသပ်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံတော်စီးပွားရေးရာပေါင်းစပ် ညှိနှိုင်းရေးကော်မတီနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းတူ စက်မှုဝန်ထမ်းများအတွက်လည်း ၎င်းတို့၏ကျွမ်းကျင်မှု သဘောဆန္ဒများနှင့် ကိုက်ညီမည့် လုပ်ငန်းတာဝန်များကို ဝန်ကြီးဌာန အသစ်တွင် ပိုမိုလွယ်ကူအဆင်ပြေ စွာ ကူးပြောင်းထမ်းဆောင်နိုင်စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်း သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ် ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံး အဖြတ်ရယူ၍ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်း ရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် မောင်မောင် အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးတင်ပြထား သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘော ထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ တွင် ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်း ထွန်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦး တင်ပြခဲ့ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း တစ်ခု၊ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးမှ တင်ပြခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ခုနှင့် ယနေ့ အစီရင်ခံတင်ပြနေသည့် တပ်မ တော်သား ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် တပ်မတော်သား ပြည် သူ့လွှတ်တော် ကိုယ်စား လှယ် ၁၄၄ ဦးက တင်ပြလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းဟူ၍ ဥပဒေ မူကြမ်း ၃ရပ် ရှိနေသည်ကို တွေ့ရ မည်ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေမူကြမ်း ၃ ရပ် လုံးအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တစ်ခုလုံးအပေါ် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပြဋ္ဌာန်းချက်အချို့ကိုသာ ပြင်ဆင်ဆောင်ရွက်ရန်တင်ပြထားခြင်းဖြစ်ကြောင်းကို ကော်မတီအနေဖြင့် လေ့လာ တွေ့ရှိ ရပါကြောင်း။
ပြည်ထောင်စုလွှတ်တော်က လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ၊ အစုအဖွဲ့ အသီးသီး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ အချိုးကျပါဝင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို လည်း ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲပါ ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာ အမှတ် (၁၅/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းရန် တာဝန်ပေး အပ်ထားကြောင်းကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ ထိုပြင်ဆင်ရေးပူးပေါင်း ကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေ မူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်များနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃၊ ၁၃၅ တို့နှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် ဆောင်ရွက်နေ ကြောင်းကိုလည်း တွေ့ရှိရ ပါကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်) တစ်ခု လုံးအပေါ် သုံးသပ်ပြင်ဆင်ဆောင်ရွက်ထားသည့် ပြင်ဆင်ချက်များပါဝင် လာမည် ဖြစ်ကြောင်း ကို လေ့လာသုံးသပ်တွေ့ရှိရပါကြောင်း။
ထိုကြောင့် ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တစ်ခုလုံးအပေါ်တွင် ပြင်ဆင်ချက်များဖြင့် တင်သွင်းလာမည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တင်သွင်းလာသည့်အခါတွင် လက်ရှိ လွှတ်တော်သို့ တင်သွင်းရောက်ရှိနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းသုံးခုနှင့် အတူ သီးခြားစီတစ်ပြိုင်တည်း ယှဉ်တွဲ လျက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ဥပဒေကြမ်းကော်မတီဝင် များ အားလုံးပါဝင်ဖွဲ့စည်းထားသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက အတူတ ကွ လေ့လာသုံးသပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပါက ပို၍သင့်မြတ်မည်ဖြစ်ပါ ကြောင်း၊ ပြင်ဆင်သည့် ဥပဒေမူကြမ်း အသီးသီးတွင် ပါဝင်နေသည့် ပုဒ်မ၊ ပုဒ်မခွဲ များအားလုံးကို ပြည့်စုံစွာစုစည်း၍ ဥပဒေမူ ကြမ်းတစ်ခုတည်းအဖြစ် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် ရယူမည်ဆိုပါက ပိုမိုလျော်ကန်သင့်မြတ်မည်ဖြစ်ကြောင်း လေ့လာ စိစစ်ရေး ပူးပေါင်း ကော်မတီအများစုက လေ့လာတွေ့ရှိရပါကြောင်း။
သို့သော် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများတွင် ပြဋ္ဌာန်း ထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ အကြံပြုချက် သီးခြားတင်ပြထားသည့် ပူးပေါင်း ကော်မတီဝင် လည်းရှိပါကြောင်း၊လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင် ဦးစတီ ဖန်၊ ဒေါ်နန်းနီနီ အေး၊ ဗိုလ်မှူးချုပ် မောင်မောင်နှင့် ဗိုလ်မှူးချုပ်တင့်လွင်တို့က ဤဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်တွင် ဆက်လက် ဆွေးနွေးဆောင်ရွက်သင့်ကြောင်းကိုလည်း သီးခြားအကြံပြုတင်ပြထားသည်ကို လည်း တင်ပြအပ်ပါကြောင်း။
သို့ဖြစ်ပါ၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုး တင်ပြလာသည့် ဥပဒေမူကြမ်း၊ ရှေးဦးတင်သွင်းထားသည့် ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ရပ်နှင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားသည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) တစ်ခုလုံးအပေါ် သုံးသပ်လေ့လာပြီး ပြုစုရေးဆွဲ၍ လွှတ်တော် သို့ တင်သွင်းလာမည့် ဥပဒေမူကြမ်းတို့ကို တစ်ပြိုင်တည်း ယှဉ်တွဲ၍ ပြည့်စုံသော ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ် လွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်သင့်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေ ဖြင့် ကော်မတီ၏ အစီရင်ခံစာအပေါ်တွင် အကြံပြုဆွေးနွေးကြပြီး လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က ဆုံးဖြတ်အတည်ပြု ပေးနိုင်ပါရန် အစီရင်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ က ကော်မရှင်၏ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၂၄ ရက်အထိ ဆောင်ရွက် ခဲ့သော လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်း ဆွေးနွေးရာတွင် အကျဉ်းထောင်များ စစ်ဆေးသည့်အခါတွင် အကျဉ်းသားများ၏ တင်ပြချက်များအရ လတ်တလောကုစားနိုင်သည့်အချက်များကို တာဝန်ခံ အရာရှိ များအား ချက်ချင်းဖြေရှင်းဆောင်ရွက်စေခဲ့ပါကြောင်း၊ အချို့အခက်အခဲများကို ပြည်ထောင်စုဝန်ကြီးထံ အကြံပြုချက်များပေးပို့ပါကြောင်း၊ နိုင်ငံတော်အဆင့် ဖြေရှင်း ရန် လိုအပ်သည့်အချက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တင်ပြမှုများ ပြုလုပ် ကုစားလျက် ရှိပါကြောင်း။
သဘာဝဘေးဒဏ်နှင့် တိုက်ပွဲရှောင်နေရပ်ရွှေ့ပြောင်းသူများ၏ ယာယီစခန်း များကိုလည်း သွားရောက်ကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရများကို အကြံပြုချက်များ ပေးပို့ခဲ့ပါကြောင်း၊ ဆက်လက်၍ လည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် တရားရေးနှင့် သက်ဆိုင်သည့် ကိစ္စများကို ကော်မရှင်ဥပဒေပုဒ်မ ၃၇ အရ ဝင်ရောက်စွက်ဖက်မှု မလုပ်သော်လည်း လိုအပ်ပါက အကြံပြုချက်များပေးပို့ခြင်း၊ ပြည်ထောင်စုဥပဒေ အထောက်အကူပြု အဖွဲ့ထံသို့ တင်ပြခြင်းများ ပြုလုပ်ခြင်းဖြင့် အတတ်နိုင်ဆုံး ကုစားပေးလျက် ရှိပါကြောင်း။
ထို့ပြင် အကျဉ်းသားများ စာအုပ်စာပေ ဖတ်ရှုနိုင်ရေးအတွက် အကျဉ်းထောင် များတွင် စာကြည့်တိုက်များထားရှိရန် တိုက်တွန်းဆောင်ရွက်ခဲ့သည့်အတွက် ယခု အခါတွင် အကျဉ်းထောင်(၄၄)ထောင်နှင့် အကျဉ်းစခန်း(၅၀)တို့တွင် စာကြည့် တိုက်များ ထူထောင်ထားပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ကော်မရှင်ကြည့်ရှုစစ်ဆေးရေး အဖွဲ့များ သွားရောက်ခဲ့သည့်အခါ တိုင်း စာအုပ်၊ စာတမ်းများလှူဒါန်းခြင်းကို ၂၀၁၇ ခုနှစ် မှ ယခုအချိန်ထိငွေကျပ် ၄၅ သိန်းဖိုးခန့် လှူဒါန်းခဲ့ပြီး ဖြစ်သည့်အပြင် ပြန်ကြား ရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမ၌ အကျဉ်းထောင် စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စာအုပ်ပေါင်း ၉၀၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်သည့်အတွက် အကျဉ်း ထောင်အသီးသီးသို့ သွားရောက် စစ်ဆေးသည့်အခါတိုင်း မျှဝေလှူဒါန်းသွားမည် ဖြစ်ပါကြောင်း။
ကော်မရှင်ညွှန်ကြားရေးမှူးချုပ် ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ကော်မရှင်ဥပဒေ ပုဒ်မ ၅၂တွင် ကော်မရှင်သည် မိမိ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင် ရွက်နိုင်ရန်အလို့ငှာ ကော်မရှင်ရုံးအကြီးအမှူး အပါအဝင် လိုအပ်သော အရာထမ်း၊ အမှုထမ်းများကို ခန့်အပ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင် ကော်မရှင် ဥပဒေပုဒ်မ ၆၁ ပါ ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်က တာဝန်ပေးအပ်ခြင်းခံရသူ သည် ဤဥပဒေအရ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ရာဇသတ်ကြီးပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်း ပြဋ္ဌာန်းချက်များအရ ကော်မရှင်ဝန်ထမ်းများသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည့် အပြင် ကော်မရှင်သည် သီးခြားလွတ်လပ်သည့်နိုင်ငံတော်အဆင့် အဖွဲ့အစည်းဖြစ် သည့်အတွက် ကော်မရှင်ရုံးအကြီးအမှူးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်ကို နိုင်ငံ တော်သမ္မတထံ တင်ပြရန် မလိုဘဲ ကော်မရှင်က တိုက်ရိုက်ခန့်ထားနိုင်ခွင့်ရှိပါ ကြောင်း။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကော်မရှင်ရုံးများတိုးချဲ့ဖွဲ့စည်း ရေးနှင့် ပတ်သက်၍ လက်ရှိတွင် နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကော်မရှင်ရုံးများဖွင့်လှစ်ပြီး ရုံးအဆောက်အဦများလည်း ဆောက်လုပ်ပြီး ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း ကော်မရှင်ရုံးဖွင့်လှစ်ရန် ဝန်ထမ်းများ ခန့်အပ်ပြီး ဖြစ်သည့်အပြင် ယာယီရုံးခန်းကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း။
အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်ကိစ္စ နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အကြံပြုချက်များ ပေးပို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျဉ်းထောင်အတွင်း အကျဉ်းသားလူငယ်များ စာမေးပွဲ ဖြေဆိုအောင်မြင်နိုင်ရေး သင်ကြားပေးကြသည့် အကျဉ်းသားဆရာများကို လျော့ပေါ့သက်သာခွင့်များ ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြု ချက်များ ပေးပို့သွားမည် ဖြစ်ပါကြောင်း၊ ကုန်ထုတ်စခန်းများမှ အကျဉ်းသားများ၏ လုပ်အားခတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ၂၀၁၈ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် တင်ပြအကြံပြုခဲ့ပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာအဖွဲ့အစည်း များကို လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်ပသို့သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ အရှေ့တောင်အာရှအမျိုး သားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်အစည်းအဝေးများတွင် တင်ပြဆွေးနွေး မှုများ ပြုလုပ်ခဲ့သည့်အပြင် သက်ဆိုင်ရာနိုင်ငံ၏ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲပြောဆိုမှုများနှင့် ပတ် သက်၍ ကော်မရှင်အနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်း၊ ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်း တို့၏ အစည်းအဝေးနှင့် ဆွေးနွေးပွဲများတွင်လည်း မြန်မာနိုင်ငံ၏ ပကတိ လူ့အခွင့်အရေးအခြေအနေများ၊ လူ့အခွင့်အရေးမြှင့်တင်ရေး နှင့် ကာကွယ်ရေးတို့နှင့် ပတ်သက်၍ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ အပြု သဘောတိုးတက်ပြောင်းလဲမှုများ၊ ကော်မရှင်၏ကြိုးပမ်းအားထုတ်ဆောင်ရွက်ချက် များကို အလျဉ်းသင့်သလိုထည့်သွင်းပြောကြားလျက် ရှိပါကြောင်း။
လက်ရှိကော်မရှင်အဖွဲ့ဝင်များအနေဖြင့် အနာဂတ်ဖွဲ့စည်းမည့် ကော်မရှင် အဖွဲ့ဝင်အသစ်များ အခက်အခဲမရှိ လုပ်ကိုင်တာဝန်ထမ်းဆောင်နိုင်စေရေးအတွက် ကော်မရှင်အဖွဲ့ဝင်အားလုံးနှင့် လက်ထောက်ညွှန်ကြားရေးမှူးနှင့်အထက် ကော်မရှင် ရုံးဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပြီး အသေးစိတ်လုပ်ငန်းတာဝန်ခွဲဝေမှုများကို သတ် မှတ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော်မရှင်၏ ၂၀၁၉ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်အထိ အစီရင်ခံစာကို ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက စိတ်ပါဝင်စားစွာ ဆွေးနွေးအကြံပြုကြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၉ခုနှစ် ၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၂၄ရက် အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သက် ဆိုင်ရာပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်၏ ပြန်လည်ရှင်းလင်းတင်ပြချက်များ ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပညာရေးဝန်ကြီးဌာန က လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် အကောင် အထည်ဖော်ဆောင်ရွက်ရေးအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး အဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း ၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာကျောင်းများ၌ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဗဟိုချုပ်ကိုင်မှုလျော့ချပြီး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းကော်မတီ အဖွဲ့များ၊ ကျောင်းသားမိဘများနှင့်အတူ ကျောင်းအရည်အသွေးတိုးတက်မှုစီမံချက် များရေးဆွဲပြီး သတ်မှတ်ငွေစာရင်းခေါင်းစဉ်နှင့်အညီ သုံးစွဲဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအတွက် ပညာသင်ယူမှုအခွင့်အလမ်းပိုမို ရရှိစေရန်အတွက် ကျောင်းနေပြီးသော ကလေးငယ်တိုင်း ကျောင်းနေမြဲလာစေရန် ပညာသင် ထောက်ပံ့ခြင်း အစီအစဉ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူတိုင်းအကျုံးဝင်အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် နှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းတစ်ရပ်လုံး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀ ချေးယူခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ စီမံကိန်းချေးငွေကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရရှိသည့်အခါ ချေးငွေစာချုပ် ညှိနှိုင်းခြင်း၊ ချေးငွေစာချုပ် ချုပ်ဆိုင်နိုင်ရန် ဆက်လက် ဆောင်ရွက်ခြင်း၊ စာချုပ် အသက်ဝင်ရန် ဆောင်ရွက်ခြင်း၊ ချေးငွေထုတ်ယူသုံးစွဲမှု၊ ချေးငွေ အရင်း/အတိုး ပြန်လည်ပေး ဆပ်မှုစသည့် လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ပြီး စီမံကိန်းအကောင်အထည် ဖော်မှုကိုလည်း စောင့်ကြည့်ကြပ်မတ် သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေရယူ ရေးကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ ထောက်ခံမဲ ၄၂၉ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ မရှိဖြစ်သဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေအပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၁၅/၂၀၁၉)နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦးက တင်ဒါလုပ်ငန်းများကို သတ်မှတ်ညွှန်ကြားချက် အတိုင်းအချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မှုမရှိသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပထမသုံးလပတ်ပြည့်သော်လည်း လုပ်ငန်းများပြီးစီးအောင် ဆောင် ရွက်နိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တင်ဒါခေါ်ယူ ခြင်းနောက်မကျစေရန်၊ Quality Control ကုမ္ပဏီများကလည်းစံချိန်မီကုမ္ပဏီဖြစ်ရန်၊ ဆောက်လုပ်ရေးကုမ္ပဏီများကလည်း တောင့်တင်းခိုင်မာပြီးအလုပ်ရိုသေသည့် ကုမ္ပ ဏီများ ဖြစ်စေရန်လိုအပ်ပြီး ယခုနှစ်ဆောက်လုပ်မည့် ကျောင်းများ၏ ဒီဇိုင်းများကို လည်း အသိပေးစေလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ်(၁၅/၂၀၁၉) သည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လမ်းညွှန်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးစိန်ထွန်းက တည် ဆောက်ရေးတင်ဒါတစ်ခုတွင် အကြိုအင်ဂျင်နီယာလုပ်ငန်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ ခန့်မှန်း ခြေစာရင်းတွက်ချက်ခြင်း၊ ကြမ်းခင်းဈေးသတ်မှတ်ခြင်း စသည့် လုပ်ငန်းများကို Design Bid Build Method တင်ဒါစနစ်အရ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက် ပေးရ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ယင်းလုပ်ငန်းများ အောင် မြင်စွာ ဆောင်ရွက်နိုင်ရန် ဗဟိုမှ တိုင်းဒေသကြီး၊ ခရိုင်အဆင့်အထိ အင်ဂျင်နီယာဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းသင့်သည်ကို အကြံပြု တိုက်တွန်းအပ် ပါကြောင်း၊ ထို့ပြင် ပညာရေး ဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည် အသွေး ပြည့်ဝစွာဖြင့် အောင်မြင်စွာ တည်ဆောက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အမှန်သုံးစွဲကုန် ကျမည့်ရန်ပုံငွေကို ခွင့်ပြုပေးသင့်ပါကြောင်းနှင့် အရည်အသွေး ထိန်း သိမ်း ရေးအဖွဲ့များအနေဖြင့်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ အဆောက်အဦ ဆိုင်ရာ စည်းမျဉ်းများအတိုင်း စစ်ဆေးအတည်ပြုလက်ခံ သင့်ပါကြောင်း အကြံပြု တိုက်တွန်း ဆွေးနွေးသည်။
အဆိုပါ အစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉)နှင့် စပ်လျဉ်း၍ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ လွိုင်ကော်မဲ ဆန္ဒနယ်မှ ဒေါက်တာ ခင်စည်သူ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒုတိယဗိုလ်မှူး ကြီး အောင်ကျော်မိုး၊ ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့် ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း တို့က ဆက်လက်ဆွေးနွေး ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ဆဋ္ဌမနေ့ကို နိုဝင်ဘာ ၁၈ ရက် တွင်ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်
အောင်ရဲသွင်၊ အေးအေးသန့်


