နေပြည်တော် ၁၅  နိုဝင်ဘာ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျီလင်းပြည်နယ်၊ ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ Ms. CheXiulan နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်မြန်မာ- တရုတ် နှစ်နိုင်ငံအကြားဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုမှ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ မြန်မာလွှတ်တော်များ၏ ဥပဒေပြု ရေး၊  စွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် နည်းပညာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာe-parliament စနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဝင်းထွဋ်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အောင်ထွန်းခိုင်(ခ) ဦးချိန်ဝင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်မင်းလှိုင်နှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ (သတင်းစဉ်)