နေပြည်တော် ၁၅ နိုဝင်ဘာ
နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ဥတ္တရသီရိဟိုတယ်၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးသန်းဌေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး Mr. Tim Enderlin နှင့် သံရုံးမှတာဝန်ရှိသူများ၊ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ တွေ့ဆုံပွဲသည် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ဖြစ်ပါကြောင်း၊ (CoC) ပြန်လည်သုံးသပ်ရေးနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲနှင့် လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးများကို ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အောင်မြင်စေရေးကို အထောက်အကူဖြစ်စေရန်၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများအကြား ယုံကြည်မှုတည်ဆောက်ရန်နှင့် လွတ်လပ် တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ယှဉ်ပြိုင်မှုဖြစ်ပေါ်စေရန်အတွက် နိုင်ငံရေးပါတီများ နှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct(CoC) သည် ရှိထားသင့်သည့် ပဋိညာဉ်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ စတင်၍ သဘောတူ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် (CoC) ကိုနိုင်ငံရေးပါတီများအားလုံး လိုက်နာကျင့်သုံးခဲ့သည့်အတွက် ရွေးကောက်ပွဲများတွင် ပဋိပက္ခများ၊ အငြင်းပွားမှုဖြစ်စဉ်များ လျော့နည်းခဲ့ပြီး ဖြစ်စဉ်များတွင် နှစ်ဘက်ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ အတွေ့အကြုံအရ (CoC) ကို လက်ရှိကာလအခြေအနေနှင့် ကိုက်ညီမှု ရှိစေရေးပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် (CoC) ကိုပိုမိုကောင်းမွန် စေရေးနှင့်အားလုံး လိုက်နာနိုင်မည့် ကျင့်ဝတ်နှင့် မူဝါဒများ ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ (CoC) မူကြမ်းရရှိပါကလည်း ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ် အတည်ပြုပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးက အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)


