နေပြည်တော် ၁၅  နိုဝင်ဘာ

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်က ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ရေး၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့ပေးရေး၊ ကုန်သွယ်မှုပညာပေးရေး၊ စားသုံးသူအကာအကွယ်ပေးရေးစသည့် မဏ္ဍိုင်ကြီး(၆)ရပ်ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အပြင် SMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေသစ်ကို ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် ပြဌာန်းနိုင်ခဲ့ပါကြောင်း။

စားသုံးသူ ကာကွယ်ရေးဥပဒေသစ်အရ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်ကို ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဝင် (၂၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ကော်မရှင်၏ လုပ်ငန်းတာဝန် (၁၂) ရပ်အနက် စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းနှင့် အစီအမံများချမှတ်ခြင်း၊ စားသုံးသူအသုံးပြုမည့် သို့မဟုတ် စားသုံးမည့်ကုန်စည်များ လုံခြုံစိတ်ချမှုရှိစေရန် ဦးစားပေးကဏ္ဍများ သတ်မှတ်ခြင်း၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူရေးရာ ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၌ စားသုံးသူရေးရာ ကော်မတီနှင့် ခရိုင်စားသုံးသူရေးရာ ကော်မတီများ ဖွဲ့စည်းပေးခြင်း၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း စသည့်လုပ်ငန်းတာဝန် (၄)ရပ် ကို ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ကော်မရှင်သို့တင်ပြသည့် အမှာစာများကို ရှင်းလင်းတင်ပြရာ ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။ (သတင်းစဉ်)