mdn

နေပြည်တော် ၁၅  နိုဝင်ဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု စံလုပ်ထုံးလုပ် နည်းနှင့် လုပ်ငန်းလမ်းညွှန်သင်တန်းမှ သင်တန်းသားများကို  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ တွေ့ဆုံ သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတော်ဘဏ္ဍာ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့ငွေများကို အကျိုးရှိထိရောက်စွာနှင့် လေလွင့်ဆုံးရှုံး မှု အနည်းဆုံးဖြစ်အောင် သုံးစွဲရန်လိုအပ်သည် သာမက ချမှတ်ထားသော ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သင်တန်း ပြီးပါက ဘဏ္ဍာရေးစီမံခန့်ခွဲမှု စံလုပ်ထုံးလုပ်နည်းများ မှန်ကန်ကိုက်ညီစွာ ဆောင်ရွက်နိုင် ခြင်း ရှိ/မရှိကို လွယ်ကူရှင်းလင်းသော checklist များဖြင့် စောင့်ကြည့်ဆန်းစစ်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်ချော မွေ့စွာဖြင့် သက်သာလွယ်ကူစွာ ပေးပို့ဆက်သွယ်ပြန်ကြားဆောင်ရွက်နိုင်ရေးအတွက် အီလက်ထရွန်နစ်စနစ်သုံး ရုံးလုပ်ငန်းစနစ် (E-memo)ကို မကြာမီ စတင်ကျင့်သုံးဆောင်ရွက် ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးကြီးသည့် ဘဏ္ဍာငွေစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျဆက်လက်ဆောင်ရွက်သွားကြလိုအပ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် Gavi HSS2 လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီမံခန့်ခွဲနိုင်ရန် Gavi HSS2 ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်း လမ်းညွှန် (Gavi HSS2 Financial Management Standard Operating Procedure) ကို စတင်သုံးစွဲရန် သင်ကြားပေးခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ရောဂါနှိမ်နင်းရေးတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံဆရာဝန်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ မြို့နယ် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးမှူးအဆင့်(၁)များ၊ မြို့နယ်သူနာပြုဆရာမကြီးများ၊ လက် ထောက်ကျန်းမာရေးမှူးများနှင့် ဘဏ္ဍာရေးစာရင်းကိုင်များ တက်ရောက်ကြသည်။

 

 (သတင်းစဉ်)

mdn