နေပြည်တော် ၁၅ နိုဝင်ဘာ
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ ပါဝင်သည့် သင်္ဘော ခရီးစဉ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၂ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သိရသည်။
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘော ခရီးစဉ်သည် ဂျပန်အစိုးရ၏ ဦးဆောင်မှုဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ လူငယ်များ လှည့်လည်လေ့လာသော ခရီးစဉ်ဖြစ်ပြီး လူငယ်အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော စွမ်းရည်များ ပျိုးထောင်ပေးရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘော ခရီးစဉ်ပါ လူငယ်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန် အတွင်း ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများနှင့် နိုဝင်ဘာ ၂၃ ရက်တွင် တွေ့ဆုံ၍ Institutional Visit and Interaction with Local Youths အစီ အစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မြန်မာမိသားစု နေအိမ်များ၌ နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက် နှစ်ရက်တာ တည်းခိုနေထိုင်မည့် အစီအစဉ်ကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘော ခရီးစဉ်သည် မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


