နေပြည်တော် ၁၅ နိုဝင်ဘာ
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြုံပြု ဆွေးနွေးဝိုင်း ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ဒုတိယနေ့ဆွေးနွေးဝိုင်းသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အကြုံပြုဆွေးနွေးဝိုင်း၌ ဘာသာပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်း မေတ္တာ)အဖွဲ့ အမြဲတမ်းကော်မရှင်အဖွဲ့ဝင်များက ခေါင်းစဉ်အလိုက်ဆွေးနွေးခြင်းကို ဆောင်ရွက်ကြသည်။
ယင်းနောက် မျက်နှာဆုံညီဆွေးနွေးခြင်းကို ဆက်လက်ကျင်းပရာ အပြည်ပြည် ဆိုင်ရာဘာသာပေါင်းစုံငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ဦးဆောင်၍ ပညာရေးကဏ္ဍ၊ ဘာသာရေးလွတ်လပ်ခွင့်၊ တိုင်းရင်းသားလူမျိုးတိုင်းနှင့် လူနည်းစုအဖွဲ့ အစည်းများအတွက် တန်းတူအခွင့်အရေးနှင့် တာဝန်ယူတာဝန်ခံမှုနှင့် မိုးသစ်တော ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ အမျိုးသမီးခေါင်းဆောင်မှုနှင့် အရေးကိစ္စများတွင် ပါဝင်ခြင်းကဏ္ဍ၊ လူငယ်တို့ကို အားပေးကူညီပံ့ပိုးခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းကဏ္ဍ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်လျက်ရှိသော ဝိသေသလက္ခဏာ၊ မတူကွဲပြားခြင်းနှင့် ဘုံစိန်ခေါ်မှုများစသည့် ကဏ္ဍ(၆)ခုနှင့်စပ်လျဉ်း၍ အမြဲတမ်းကော်မရှင်အဖွဲ့များ၏ အစုအဖွဲ့အလိုက် ဆွေးနွေးအကြုံပြုချက်များကိုတင်ပြကြပြီး တက်ရောက်လာသူများက တင်ပြချက်များအပေါ် ဆွေးနွေးအကြံပြုကြသည်။
ထို့နောက် Rev. Kyoichi Suginoက ဦးဆောင်၍ ဂျာမနီနိုင်ငံလင်ဒေါင်းတွင် ပြုလုပ်ခဲ့သော (၁၀)ကြိမ်မြောက် ဘာသာပေါင်းစုံငြိမ်းချမ်းရေးညီလာခံကျင်းပခဲ့မှုအတွေ့ အကြုံများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ငြိမ်းချမ်းမေတ္တာ(RfP)အဖွဲ့များ၏ ပူးတွဲ ထုတ်ပြန်ကြေငြာချက်များကို ဆွေးနွေးတင်ပြကြပြီး သိက္ခာတော်ရ ဆရာမ ကိုရှိုနီဝါနိုက ဂျပန်နိုင်ငံ ဘာသာပေါင်းစုံငြိမ်းချမ်းရေးတွင် အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ထိတွေ့ဆက်ဆံ ခြင်းအကြောင်းကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဘာသာပေါင်းစုံငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဂျိုင်းလော၊ စိုးဝင်းထွန်း
ဓါတ်ပုံ- ကျော်ဇင်ထိုက်


