mdn

နေပြည်တော် ၁၅  နိုဝင်ဘာ

 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အမျိုးသားအဆင့်အစီရင်ခံစာပြုစုရေးနှင့်စပ်လျဉ်း၍ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက Universal Periodic Review(UPR)သည် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ်(၆၅/၂၅၁)အရ ဆောင်ရွက်ရသောလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်တတိယအကြိမ် UPR အစီရင် ခံစာတွင်ဖြေကြားရမည့် အကြံပြုချက်(၁၆၆)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသား အဆင့်ကော်မတီကိုဖွဲ့စည်းခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည့်ကဏ္ဍ (၁၂)ရပ်သတ်မှတ်၍ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီက အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီ၊ စာတမ်းပြုစုရေး ကော်မတီနှင့်အဖွဲ့အစည်းများနှင့်ဆက်ဆံရေးကော်မတီတို့ကိုဖွဲ့စည်းပေးခဲ့ပါကြောင်း။

 

အမျိုးသားအဆင့်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအရ အမျိုးသားအဆင့် အစီရင်ခံစာ ပြုစုနိုင်ရေးအတွက် အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီ အကြိုညှိနှိုင်းအစည်း အဝေးကို မေ ၂၈ ရက်တွင် ကျင်းပခဲ့ပါကြောင်း၊ ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ အစီရင်ခံစာ ပြုစုရေးအတွက် အချက်အလက်များကိုပေးပို့ပေးရန် သက်ဆိုင်ရာဌာနအသီးသီးသို့ ညှိနှိုင်းခဲ့ရာ ဌာနအသီးအသီးက အချက်အလက်များကိုအစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီသို့ပေးပို့ခဲ့ ပါကြောင်း၊ ယင်းကော်မတီမှစာတမ်းပြုစုရေးကော်မတီသို့ ဆက်လက်ပေးပို့ခဲ့ပါကြောင်း၊ ယင်းအချက်အလက် များကို အခြေခံ၍ စာတမ်းပြုစုရေးကော်မတီက ဇူလိုင် ၂၃ ရက်တွင် အစီရင် ခံစာပြုစုရေး လုပ်ငန်းကော်မတီသို့ UPR အမျိုးသားအဆင့်အစီရင်ခံစာမူကြမ်း(Zero Draft)ကို ပေးပို့ခဲ့ ပါကြောင်း၊ သြဂုတ် ၂ ရက်တွင် ကျင်းပပြုလုပ်သောအစီရင်ခံစာပြုစုရေး လုပ်ငန်း ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးတွင်အမျိုးသားအဆင့်အစီရင်ခံစာပထမမူကြမ်း(First Draft)ကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးမှဆွေးနွေးချက်များနှင့်ဌာနများမှ ထပ်မံ ပေးပို့လာသည့် အချက်အလက်များကိုဖြည့်စွက်၍ အစီရင်ခံစာဒုတိယမူကြမ်း(Second Draft)ကို ရေးဆွဲပြုစုထားပြီးဖြစ်ပါကြောင်း၊ UPR အကြံပြုတိုက်တွန်းချက်များအကောင်အထည်ဖော် ဆောင်ရွက်ရေးအမျိုးသားအဆင့်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားအဆင့်အစီရင်ခံစာပြုစုရာတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အကြံဉာဏ်ရယူသင့် ကြောင်း ဆွေးနွေးအတည်ပြုချက်နှင့်အညီ UPR အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပ သွားရန်ဆုံးဖြတ်ခဲ့ပါကြောင်း။

 

သို့ဖြစ်ပါ၍ ပြည့်စုံကောင်းမွန်သော အမျိုးသားအဆင့်အစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် ယနေ့အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင်တက်ရောက် လာသူများက လူ့အခွင့်အရေးနယ်ပယ်၈ရပ်ကိုအုပ်စု ၈ စုခွဲ၍ ဆွေးနွေးကြ မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးရန်တိုက်တွန်းပါကြောင်း နှင့်မြန်မာ နိုင်ငံ၏ အပြုသဘောဆောင်သောတိုးတက်ဖြစ်ပေါ်မှုများအား နိုင်ငံတကာကအသိအမှတ်ပြုပြီး မြန်မာနိုင်ငံအပေါ်အားပေးမှု၊နားလည်မှု၊ ထောက်ခံမှုများရှိစေရေးအတွက် အကြံပြုပေးကြရန် ဖြစ်ကြောင်းပြောကြားသည်။

 

ယင်းနောက် ကမ္ဘာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ Deputy Resident Representative , Ms.Dawn Del Rio က တတိယအကြိမ် UPR အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ပိုမိုပြီးပြည့်စုံအောင်ထည့်သွင်းနိုင်ရေးအတွက် အစီရင်ခံစာ ပြုစုရေးလုပ်ငန်းကော်မတီမှယခုကဲ့သို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်တိုင်ပင် ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် စာတမ်းပြုစုရေးကော်မတီမှရွေးချယ်ပေးသည့် လူ့အခွင့်အရေးနယ်ပယ် ၈ ရပ်သည်ပြီး ပြည့်စုံ၍အလွန်အရေးပါကြောင်းနှင့် ယင်းနယ်ပယ်များကို ဆွေးနွေးရာမှရရှိလာသော ရလဒ်များ သည် အစီရင်ခံစာပြုစုသူများအတွက် အရေးပါသော သတင်းအချက်အလက်များဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့်ပြောကြားသည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ စာတမ်း ပြုစုရေး ကော်မတီအဖွဲ့ဝင်များ၊သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသူများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၁၁၀ ဦးခန့်တက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာတိုးတက်ပြောင်းလဲမှုများ၊ စိန်ခေါ်မှု များ နှင့်ဆက်လက်ဆောင်ရွက်သင့်သည့်ကိစ္စများကို လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍ၈ရပ်ဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)