နေပြည်တော် ၁၅ နိုဝင်ဘာ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် Japan Management Association (JMA) Management Institute တွင်ဖွင့်လှစ်ပို့ချနေသည့် Executive Management Course မှ Mr. Tetsuya Ichinose ဦးဆောင်သည့် သင်တန်းသားများကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းနှင့် နည်းပညာ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ထုပ်လုပ်မှု၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာများ၊ သီလဝါအထူးစီး ပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံနိုင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းဆိုင်ရာများကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ဦးဆက်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


