မြစ်ကြီးနား ၁၅ နိုဝင်ဘာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဖွင့်ပွဲနှင့် စီးပွားရေးနှီးနှော ဖလှယ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဧရာဝတီမြစ်ကူးတံတား တည်ဆောက်နိုင်မည့် နေရာ၊ နန့်မြစ်ခတံတားတည်ဆောက်ထားရှိမှုအခြေအနေများနှင့် မြစ်ကြီးနားစီးပွားရေး ဖွံ့ဖြိုးရေး အကောင်အထည်ဖော်တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နံနက် ၉ နာရီတွင် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် မြင့်နွယ်၊ ဦးတင်မြင့်နှင့် ဦးအောင်ထူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း၊ မဂျွယ်ခန်းမ၌ ပြုလုပ်သည့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဖွင့်ပွဲ နှင့် စီးပွားရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်အနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ကချင်တိုင်းရင်း သားလုပ်ငန်းရှင်များ အသင်းတို့မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော် များနှင့် တာဝန်ရှိသူ များတက်ရောက်ကြသည်။
ရှေးဦးစွာ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဖွင့်ပွဲနှင့် စီးပွားရေးနှီးနှော ဖလှယ်ပွဲအခမ်းအနားကို မဂျွယ်ခန်းမရှေ့မျက်နှာစာ၌ ကျင်းပပြုလုပ်ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ မြန်မာ နိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်နှင့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားကို မဂျွယ်ခန်းမအတွင်း ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ က တိုင်းရင်းသားလုပ်ငန်းရှင်အသင်းများနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၁၈)ရက်မှ (၁၉)ရက်အထိ နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်တွင် ကျင်းပခဲ့သော တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်အရ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင် များအသင်းကို ဖွဲ့စည်းနိုင်ခဲ့ကြောင်းတွေ့ရှိရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသားအလိုက် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းများ ဖွဲ့စည်းလာ ကြသည်ကို တွေ့ရှိရပါကြောင်း။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အ ဆိုပါ ၂၀၂၀ ဖိုရမ်မကျင်းပမီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင် များအသင်းများအနေဖြင့် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယခုကဲ့သို့ စီးပွားရေး နှီးနှောဖလှယ်ပွဲများကို ကျင်းပကြခြင်းဖြစ်ပါကြောင်း၊ ထိုသို့ကျင်းပရာတွင် ရေရှည်တည် တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ်ဒေသဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိုအာမခံချက်ပေးနိုင်မည့် ဒေသတွင်းစီးပွားရေးလုပ်ငန်း အမျိုးအစားများကိုဖော်ထုတ်နိုင်ရန်၊ နိုင်ငံတော်စီးပွားရေး မူဝါဒ၊ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥပဒေဘောင်အတွင်းမှ အောင်မြင်သည့်စီးပွားရေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်း စဉ်များချမှတ်နိုင်သည်အထိ ကြိုတင်စဉ်းစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်ထောင်စုအဆင့်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့်ဖိုရမ်တွင်အမှန် တကယ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ဆွေးနွေးချက်များနှင့် နှီးနှော ဖလှယ်မှုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူခဲ့ချိန်ကတည်းက ချမှတ်ခဲ့သည့် ပြည် ထောင်စုအစိုးရအဖွဲ့၏ ဦးစားပေးရည်မှန်းချက်ပန်းတိုင်(၃)ရပ်ရှိပါကြောင်း၊ အဆိုပါ ပန်းတိုင်များမှာ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု-စီးပွားဘဝ တိုးတက် မြင့်မား ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးတို့ဖြစ်ပါကြောင်း။
နိုင်ငံသူနိုင်ငံသားအားလုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးနှင့် ဖြစ်ပေါ်တည်ရှိလာလျှင် ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက်ဆိုပါက ပကတိအရှိတရားများအရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးသည် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဟုဆိုရာတွင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် လက်ရှိနိုင်ငံ တော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ကြပြီး တစ်မြေထဲနေ၊ တစ်ရေထဲသောက်၊ နှစ်ကာလရှည်ကြာစွာအတူတကွ နေထိုင်လာကြသည့်အလျောက် ဘုံရည်မှန်းချက်ဖြစ်သည့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကြီးတည်ဆောက်ရေးကိုစုပေါင်းဆွေးနွေး၊ စုပေါင်းအဖြေရှာ၊ စုပေါင်းတည် ဆောက်မှသာဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်တန်ဖိုးရှိသည့်နိုင်ငံ၊ သိက္ခာ ရင့်ကျက်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။
တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကိုခွဲခြား၍မရနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိမှ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပြီးဖွံ့ဖြိုးတိုးတက်မှုရှိမှလည်းငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်း ရင်းသားများအချင်းချင်း အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးဟုဆိုရာတွင် မိမိတို့လူမှုအသိုက်အဝန်းများ တည်ငြိမ်အေးချမ်းနေရန် အရေးကြီးပါကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးရေးသည်လည်း ပြည်သူများ၏ လူမှု-စီးပွားဘဝတိုးတက်မြင့်မားရေးနှင့်အတူတစ်တန်းတည်း အရေးကြီး ဦးစားပေးရမည့် ရည်မှန်းချက်တွင် ပါရှိနေရခြင်းဖြစ်ပါကြောင်း။
နိုင်ငံတော်၏စီးပွားရေးမူဝါဒများချမှတ်ရာတွင် “နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သောအစဉ်အဆက်မပြတ် တိုးတက်မှုရရှိစေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအထောက်အကူရရှိစေရန်ဦးတည်၍ သဘာဝသယံ ဇာတအရင်းအမြစ်များကိုရေရှည်ထိန်းသိမ်းလျက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်ချမှတ်ဆောင်ရွက်ရန်”ဟူ၍ မျှော်မှန်းထားပါကြောင်း၊ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသောပြည်ထောင်စုကြီးအတွက်မျှော်တွေး၍ စီးပွားရေးကဏ္ဍအပါအဝင် ကဏ္ဍ မျိုးစုံတွင်အခြေခံကျကျကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ တော် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) (MSDP)ကို ရေးဆွဲချမှတ်စုပေါင်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်လျက်ရှိပါကြောင်း၊ မည်သည့်ကဏ္ဍတွင်မဆို နှီးနှောဖလှယ် ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ ဆုံးဖြတ်ခြင်း၊ စီမံခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်တိုင်းတွင် အားလုံးပါဝင်သည့်ပုံစံများဖြစ်လာရန် လေ့ကျင့်ပျိုးထောင်လျက် ရှိပါကြောင်း၊ သို့မှသာဒီမိုကရေစီ၏ အနှစ်သာရရှိမည် ဖြစ်သကဲ့သို့ ဖက်ဒရယ်စနစ်အတွက်လည်းကောင်းမွန်၊ ခိုင်မာသည့် ချဉ်းကပ်မှုများနှင့် အဖြေများရရှိမည်ဖြစ်ပါကြောင်း။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ များစွာရှိသည့်အနက် အခြေခံအကျဆုံးလိုအပ်ချက်သည် လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်လုံလောက်စွာရရှိရေး နှင့် လုံလောက်သည့် လူသားအရင်းအမြစ်တို့ ဖြစ်ပါကြောင်း၊ အဆိုပါ အခြေခံအဆောက် အဦ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေသကဲ့သို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အစိုးရ-ပုဂ္ဂလိက-ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံ ဝင်ရောက်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်တွင် ဝန်ထုပ်ဝန်ပိုးလျော့ကျစေသကဲ့သို့ တိုင်းရင်းသားလုပ်ငန်းရှင်များလည်းအမြတ်အစွန်းရ၊ ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းရသည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူဖြစ်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာတိုင်းရင်းသားအလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါ အချက်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်အနေဖြင့် ဒေသတွင်းတိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကိုအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစား၊အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည် ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် MESE လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲများကို (၁၀)ကြိမ်တိုင် ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း သဘာဝသယံဇာတဆိုသည်မှာ အကန့် အသတ်ရှိသဖြင့် တန်ဖိုးမြှင့်ကုန်ချောအဖြစ် ထုတ်နိုင်ရန်၊ စက်မှု၊လက်မှု ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့်လည်း အငယ်စား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို ပိုမိုရင်းနှီးမြှပ်နှံ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရေးအတွက် နိုင်ငံတော်အနေဖြင့် ချေးငွေများ ထုတ်ပေး လျက်ရှိပါကြောင်း။
အသေးစား၊အလတ်စားနှင့် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ထွန်းကားမှသာ ဖွံ့ဖြိုးတိုးတက်မှုများကို စဉ်ဆက်မပြတ်အပြည့်အဝ ရရှိစေမည်ဖြစ်ပါကြောင်း၊ ယခုလို ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက် စေရေး၊ စွမ်းဆောင်ရည်မြှင့်တင်စေရေး၊ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များသာမက အခြားသော တိုင်းရင်းသားလုပ်ငန်းရှင်များ၊ နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်များနှင့်ပါ စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာစေရန် ယခုထက်ပို၍ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြပါဟု တိုက်တွန်းလိုပါကြောင်း။
ထို့ပြင် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ ဖော်ထုတ်ပေးရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်စသည့် ရည်ရွယ် ချက်များဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်၍ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွဲဆောင်မှုရှိသည့် သဘာဝပတ်ဝန်းကျင်များစွာရှိသည့် ပြည်နယ်ဖြစ်ပြီး အရှေ့တောင် အာရှတွင် တစ်ခုတည်းသော ရေခဲဖုံးလွှမ်းသည့် ခါကာဘိုရာဇီတောင်ရှိသည့် နေရာဖြစ်ပါကြောင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများသည် ဒေသခံပြည်သူများ အတွက်အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီးဝင်ငွေနှင့် လူနေမှုအဆင့်အတန်းမြင့် မားလာစေနိုင်ပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို အခြေပြု ၍ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြ ပါဟု တိုက်တွန်းလိုပါကြောင်း။
ယနေ့ နှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ဒေသတွင်းစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသားအချင်းချင်းစီးပွားရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရပ်ရွာ၊ မြို့နယ်၊ ပြည်နယ်တို့မှတစ်ဆင့် နိုင်ငံတော်စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဖွံ့ဖြိုးတိုးတက်ခြင်းမှငြိမ်းချမ်းရေးကို အထောက်အကူပြုစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာ များတိုးတက်လာစေရေး၊ စီးပွားရေးလုပ်ငန်းများနိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်စေရေး၊ လူသားအရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝသယံဇာ တများကို နောင်လာမည့်မျိုးဆက်သစ်များအတွက် ရေရှည်ထိန်းသိမ်းနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည်ကို တွေ့ရှိရသည့်အတွက် ကချင်တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေးသာမက နိုင်ငံတော်စီးပွားရေး တိုးတက်မှုကိုပါ အထောက်အကူဖြစ်စေမည့် ရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်း။
စီးပွားရေးနှီးနှောဖလှယ်ပွဲရလဒ်များကို စနစ်တကျ ဖော်ထုတ်၍ မိမိတို့ ကချင် တိုင်းရင်းသားများ၊ အခြားသောတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်း အကူအညီဖြစ်စေရေးနှင့် မိမိတို့ နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးဖွံ့ဖြိုးတိုးတက် ရေးကို ယခုထက်မက ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း။
မိမိတို့နိုင်ငံ၊ မိမိတို့တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ဦးတစ်ယောက် ချင်းစီ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ လုံ့လ၊ ရိုးသားဖြောင့်မတ်မှုများနှင့် သက်ဆိုင် ပါကြောင်း၊ တစ်ဦးတစ်ယောက်မှသည် မိသားစု၊ ရပ်ရွာ၊ မြို့နယ်အဆင့်များမှ နိုင်ငံတော် အဆင့်အထိ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကဆောင်ရွက်ရသည့် စီးပွားရေးလုပ်ငန်းများကို စနစ်တကျ၊ စည်းကမ်းရှိရှိ၊ လုံ့လဝီရိယ၊ ရိုးသားဖြောင့်မတ်မှုများနှင့် ဆောင်ရွက်မှသာ မိမိတို့နိုင်ငံ တွင်းသာမက နိုင်ငံရပ်ခြားအထိပါထိုးဖောက်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ဒေသ တွင်း မိမိတို့ထုတ်ကုန်များနှင့် ဆောင်ရွက်မှုလုပ်ငန်းများကို စနစ်တကျ ခေတ်မီပုံစံများဖြင့် ကမ္ဘာကို အောင်မြင်စွာ ထိုးဖောက်နိုင်သည်အထိ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စုပေါင်းအားတို့ဖြင့် စွမ်းဆောင်ကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယောဆက် နှင့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန် တို့က ကြိုဆိုနှုတ် ခွန်းဆက်စကားများပြောကြားကြသည်။
ထို့နောက် ဒုတိယသမ္မတ သည် ကချင်ပြည်နယ်စီးပွားရေးနှီးနှောဖလှယ်ပွဲအထိမ်း အမှတ်ခင်းကျင်းပြသထားသည့် ပြခန်းများကိုလှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် မနောအိမ်တော်၌ ကချင်လူမျိုးရိုးရာယဉ်ကျေး မှုအသင်း ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတ က နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူနိုင်ငံသားများ ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကို ခရီးသွားလုပ်ငန်းများတွင် အပြည့် အဝအသုံးချနိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးုလာမည်ဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းသည် အရင်းအနှီးနည်းနည်းဖြင့် ဝင်ငွေရရှိစေ နိုင်မည့်လုပ်ငန်း ဖြစ်၍ သဘာဝအခြေပြုခရီးသွားလုပ်ငန်းနှင့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများကို ပိုမို တိုးမြှင့် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ သည် ဧရာဝတီမြစ်ကူးတံတားအသစ်တည်ဆောက်နိုင် မည့် နေရာသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေး က မြစ်ကူးတံတားတည်ဆောက်နိုင်မည့် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုအခြေ အနေများကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ သည် ရှုရပ်မှ မြစ်ကူးတံတားအသစ် တည်ဆောက် နိုင်မည့် နေရာအားကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတ သည် ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးခြံ(မိုင်းနား) တိုက်ပွဲရှောင် စခန်းရှိ မြစ်ကြီးနားသက်မွေးပညာသင်ကျောင်းသို့ရောက်ရှိရာ Myanmar Kindness Foundation, Founder ဒေါ်ခင်မာလာနှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်သင်ကြားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ သည် သင်တန်းခန်းမများအတွင်း သင်တန်းသားများ အား သက်မွေးပညာရပ်များအလိုက် စာတွေ့လက်တွေ့သင်ကြားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးခြံ(မိုင်းနား) တိုက်ပွဲရှောင် စခန်းရှိ ဒေသခံပြည်သူများအားတွေ့ဆုံအားပေးစကားပြောကြားသည်။
ယင်းနောက် စခန်းတာဝန်ခံ က စခန်းဆိုင်ရာအချက်အလက်များနှင့် စခန်းအခြေ အနေများကို ရှင်းလင်းတင်ပြပြီး ဒုတိသမ္မတအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ် သည်။
ထို့နောက် ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ က တိုက်ပွဲရှောင်ပြည်သူများ၏ သားသမီးများအတွက် ကျောင်းဝတ်စုံများ၊ အစားအစာများနှင့် ကစားစရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ သည် နန့်မြစ်ခတံတားယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေး က မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်း၊ မဂွေဇ- ရီဒမ်း လမ်း ၊ မဂွေဇ - ခေါင်လမ်ဖူးလမ်းနှင့် မြစ်ကြီးနား - ဗန်းမော် လမ်းတို့တွင် တည်ဆောက်ပြီး ၊ တည်ဆောက်ဆဲ နှင့် တည်ဆောက် မည့်တံတားများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နန့်မြစ်ခံတံတား ဆိုင်ရာအချက်အလက်များ နှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ သည် မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန်တည်ဆောက် မည့် ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီး ဦးဝေလင်း က ဇုန်အကောင် အထည်ဖော်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ ဇုန်အ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဥပဒေလုပ်ထုံးလုပ်ထုံးနည်းများနှင့် အညီဆက်လက်ဆောင်ရွက်ရန်မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဂျော်ဘွမ်တောင်ဆုတောင်းမျှော်စင်သို့ရောက်ရှိ ပြီးမြစ်ကြီးနားမြို့ ရှုခင်းများကို လေ့လာကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဆုတောင်းတောင်၌ ဝတ်ပြုဆုတောင်းပြီး အလှူ ငွေများပေးအပ်လှူဒါန်းသည်။
(သတင်းစဉ်)


