mdn

နေပြည်တော် ၁၅ နိုဝင်ဘာ

 

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှု ရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ) အစည်းအဝေးတွင် မြန်မာနိုင်ငံ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ အီရန်နိုင်ငံ၊ ယူကရိန်းနိုင်ငံနှင့် ဆီးရီးယားနိုင်ငံ တို့နှင့်သက်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအား ဉီးတည်ချမှတ်သည့် ဆုံးဖြတ် ချက်အဆို (မူကြမ်း) (၅) ခုကို အရေးယူဆောင်ရွက်ခဲ့သည်။

 

အိုအိုင်စီနှင့်အီးယူတို့မှ ပူးတွဲတင်သွင်းသည့် နိုင်ငံရေးအရ ဖိအားပေးသည့် မြန်မာ နိုင်ငံနှင့် စပ်လျဉ်းသော ဆုံးဖြတ်ချက်အဆို(မူကြမ်း)ကို  မဲခွဲဆုံးဖြတ်ရန် မြန်မာ ကိုယ်စား လှယ်အဖွဲ့မှ တောင်းဆိုခဲ့ပြီး ယင်းဆုံးဖြတ်ချက်အဆို(မူကြမ်း)အပေါ် ကန့်ကွက်မဲ ပေးခဲ့ သည်။

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီးက ဆုံးဖြတ် ချက် အဆို(မူကြမ်း)အရေးယူ ဆောင်ရွက်ခြင်းမပြုမီ အထွေထွေမိန့်ခွန်းနှင့် မဲခွဲဆုံးဖြတ် ပြီးနောက် မဲရလဒ်အပေါ် တုံ့ပြန်သည့် မိန့်ခွန်းများ ပြောကြားခဲ့သည်။

 

အထွေထွေမိန့်ခွန်းတွင် အမြဲတမ်းကိုယ်စားလှယ်က အဆိုမူကြမ်းသည် ရှုပ်ထွေး သော ရခိုင်ပြည်နယ်အရေးကိစ္စကို ဆိုးဆိုးရွားရွား လွဲမှားစွာ ပုံဖော်ထားကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် ဘာသာရေးဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း ပြဿနာ မဟုတ်သကဲ့သို့ အသိုက်အဝန်း တစ်ခုကို နိုင်ငံအတွင်းမှ မောင်းထုတ်လိုက်သည့် လုပ်ရပ် မျိုးလည်း မဟုတ်ကြောင်းနှင့် ပြဿနာသည် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းမှု၊ ဆင်းရဲမှု၊ တရားဉပဒေစိုးမိုးရေးနှင့် လုံခြုံရေးလျော့ရဲမှု၊ စသည်တို့အပါအဝင် ရှုပ်ထွေးသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာတစ်ရပ်ပင် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က ဆုံးဖြတ်ချက်အဆို(မူကြမ်း)သည် မြန်မာ နိုင်ငံကို အဆိုးမြင် စေရန် ပုံဖော်ထားသည့်  ပူးတွဲအဆိုရှင်များ၏ နောက်ထပ် စိတ်ကြိုက် အာဘော် တစ်ခုမျှ သာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ၏ အင်တိုက်အားတိုက် ကြိုးပမ်း ဖြေရှင်းဆောင်ရွက်ချက် များကိုမူ လစ်လျူရှုထားကြောင်း ထောက်ပြပြောကြားခဲ့သည်။

 

ဆုံးဖြတ်ချက်အဆို(မူကြမ်း)ကို မဲခွဲဆုံးဖြတ်ပြီးနောက်၊ မဲရလဒ်အပေါ် တုံ့ပြန် ပြော ကြားရာ၌ ဆုံးဖြတ်ချက်အဆို၏ မဲရလဒ်သည် နိုင်ငံတစ်နိုင်ငံအား ဉီးတည်ချမှတ်သည့် ဆုံးဖြတ်ချက် အဆိုများသည် အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုကို ဖြစ်ပေါ်စေသည့် အခြေအနေကို ထင်ဟပ်စေကြောင်း၊ နိုင်ငံအချို့က ၎င်းတို့၏ နိုင်ငံရေးလိုအင်အတွက် အခြားသော နိုင်ငံများကို မည်သို့ ဖိအားပေးနိုင်ရန် အုပ်စုလိုက် မဲပေးသည့် အလေ့အထကို မည်သို့ အသုံးချ ခဲ့သည်ဆိုသည့်အချက်ကို မြန်မာနိုင်ငံ အနေဖြင့် ထပ်မံတွေ့ရှိရကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား လူ့အခွင့်အရေး အခြေအနေ များကို ခွဲခြားဆက်ဆံသည့် ယခုကဲ့သို့ နိုင်ငံတစ်နိုင်ငံအပေါ် ခွဲခြား ဆက်ဆံသည့်  ဆုံးဖြတ်ချက်အဆို(မူကြမ်း)မျိုးကို အတည်ပြုခြင်းမှာ လူသားချင်းစာနာမှုနှင့် လူ့အခွင့် အရေးဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရာ၌ နိုင်ငံများ၏အချုပ်အခြာအာဏာ တန်းတူညီမျှရှိရမည်ဆိုသည့် အချက်ကို စောင့်ထိန်းလိုက်နာမှုမရှိခြင်း၊ မျှတမှု နှင့် သမာသမတ် ကျမှုမရှိခြင်း၊ စံနှုန်းနှစ်မျိုးနှင့်ခြွင်းချက်ထားသည့် မူဝါဒကိုကျင့်သုံးခြင်း၊ ပစ်မှတ်ထားရွေးချယ် ဆောင်ရွက်မှုတို့ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ဖိအားပေးပစ်မှတ်ထားသည့် ယင်းဆုံးဖြတ်ချက်အဆိုကို  ပြတ်ပြတ်သားသား ကန့်ကွက် ကြောင်းဖြင့် အမြဲတမ်းကိုယ်စားလှယ်က တုံ့ပြန်ခဲ့သည်။  

 

(သတင်းစဉ်)