မြစ်ကြီးနား ၁၅ နိုဝင်ဘာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွင့်ပွဲနှင့် စီးပွားရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဧရာဝတီ မြစ်ကူးတံတား တည်ဆောက်နိုင်မည့် နေရာ၊ နန့်မြစ်ခတံတား တည်ဆောက်ထားရှိမှု အခြေအနေများနှင့် မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးရေး အကောင်အထည်ဖော် တည်ဆောက် မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် နံနက် ၉ နာရီတွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်နှင့် ဦးအောင်ထူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း၊ မဂျွယ်ခန်းမ၌ ပြုလုပ်သည့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွင့်ပွဲနှင့် စီးပွားရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း နှင့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွင့်ပွဲနှင့် စီးပွားရေးနှီးနှောဖလှယ်ပွဲ အခမ်းအနား ကို မဂျွယ်ခန်းမရှေ့မျက်နှာစာ၌ ကျင်းပပြုလုပ်ရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယောဆက်နှင့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဖွဲ့စည်းနိုင်ခဲ့
ထို့နောက် အခမ်းအနားကို မဂျွယ်ခန်းမအတွင်း ဆက်လက်ကျင်းပရာ ဒုတိယသမ္မတက တိုင်းရင်းသား လုပ်ငန်းရှင်အသင်းများနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်တွင် ကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်အရ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းနိုင်ခဲ့ ကြောင်းတွေ့ရှိရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသားအလိုက် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းများ ဖွဲ့စည်းလာကြသည်ကို တွေ့ရှိရပါကြောင်း။
ကြိုတင်စဉ်းစားဆောင်ရွက်သွားကြရန်လို
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ၂၀၂၀ ဖိုရမ်မကျင်းပမီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယခုကဲ့သို့ စီးပွားရေး နှီးနှောဖလှယ်ပွဲများကို ကျင်းပကြခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ကျင်းပရာတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ် ဒေသဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အာမခံ ချက်ပေးနိုင်မည့် ဒေသတွင်း စီးပွားရေးလုပ်ငန်း အမျိုးအစားများကို ဖော်ထုတ်နိုင်ရန်၊ နိုင်ငံတော်စီးပွားရေးမူဝါဒ၊ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဥပဒေဘောင်အတွင်းမှ အောင်မြင်သည့် စီးပွားရေး လုပ်ငန်းများအဖြစ် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်သည်အထိ ကြိုတင်စဉ်းစား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်ထောင်စုအဆင့်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပ မည့်ဖိုရမ်တွင် အမှန်တကယ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ဆွေးနွေးချက်များနှင့် နှီးနှော ဖလှယ်မှုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ရည်မှန်းချက်ပန်းတိုင်(၃)ရပ်ရှိ
နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူခဲ့ချိန်ကတည်းက ချမှတ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးစားပေးရည်မှန်းချက် ပန်းတိုင်(၃)ရပ် ရှိပါကြောင်း၊ အဆိုပါပန်းတိုင်များမှာ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက် ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ ဖြစ်ပါကြောင်း။

ပြည်တွင်းငြိမ်းချမ်းရေးဦးစားပေး
နိုင်ငံသူ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး နှင့် ဖြစ်ပေါ်တည်ရှိလာလျှင် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်ဆိုပါက ပကတိအရှိတရားများအရ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးသည် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဟုဆိုရာတွင် ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်ရှိနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ကြပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ နှစ်ကာလရှည်ကြာစွာ အတူတကွ နေထိုင်လာကြသည့်အလျောက် ဘုံရည်မှန်းချက်ဖြစ်သည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးကို စုပေါင်းဆွေးနွေး၊ စုပေါင်းအဖြေရှာ၊ စုပေါင်းတည် ဆောက်မှသာ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် တန်ဖိုးရှိသည့်နိုင်ငံ၊ သိက္ခာရင့်ကျက်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။
ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ဒွန်တွဲနေ
တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲနေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ခွဲခြား၍ မရနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိမှ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိမှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုတို့ ဖြင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။
တရားဥပဒေစိုးမိုးရေး
ငြိမ်းချမ်းရေးဟုဆိုရာတွင် မိမိတို့လူမှုအသိုက်အဝန်းများ တည်ငြိမ်အေးချမ်းနေရန် အရေးကြီးပါကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးရေးသည်လည်း ပြည်သူများ၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေးနှင့်အတူ တစ်တန်းတည်း အရေးကြီး ဦးစားပေးရမည့် ရည်မှန်းချက်တွင် ပါရှိ နေရခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ ချမှတ်ရာတွင် “နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတက်မှု ရရှိစေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရရှိစေရန် ဦးတည်၍ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်ချမှတ်ဆောင်ရွက်ရန်”ဟူ၍ မျှော်မှန်းထားပါကြောင်း၊ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအတွက် မျှော်တွေး၍ စီးပွားရေးကဏ္ဍ အပါအဝင် ကဏ္ဍမျိုးစုံတွင် အခြေခံကျကျ ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) (MSDP)ကို ရေးဆွဲချမှတ် စုပေါင်း ကြိုးပမ်း အကောင်အထည်ဖော်ဆောင်လျက် ရှိပါကြောင်း၊ မည်သည့်ကဏ္ဍတွင်မဆို နှီးနှောဖလှယ်ခြင်း၊ ဆွေးနွေး ညှိနှိုင်းခြင်း၊ ဆုံးဖြတ်ခြင်း၊ စီမံခြင်း၊ အကောင်အထည်ဖော် ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်တိုင်းတွင် အားလုံးပါဝင်သည့် ပုံစံများဖြစ်လာရန် လေ့ကျင့်ပျိုးထောင် လျက်ရှိပါကြောင်း၊ သို့မှသာ ဒီမိုကရေစီ၏ အနှစ်သာရရှိမည် ဖြစ်သကဲ့သို့ ဖက်ဒရယ်စနစ်အတွက်လည်း ကောင်းမွန်၊ ခိုင်မာသည့် ချဉ်းကပ်မှုများနှင့် အဖြေများရရှိမည် ဖြစ်ပါကြောင်း။
အခြေခံအကျဆုံးလိုအပ်ချက်
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ များစွာရှိသည့်အနက် အခြေခံအကျဆုံး လိုအပ်ချက်သည် လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်လုံလောက်စွာ ရရှိရေးနှင့် လုံလောက်သည့် လူသားအရင်းအမြစ်တို့ ဖြစ်ပါကြောင်း၊ အဆိုပါ အခြေခံအဆောက်အဦ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေသကဲ့သို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အစိုးရ-ပုဂ္ဂလိက-ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံ ဝင်ရောက် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်တွင် ဝန်ထုပ်ဝန်ပိုး လျော့ကျစေသကဲ့သို့ တိုင်းရင်းသားလုပ်ငန်းရှင်များလည်း အမြတ်အစွန်းရ၊ ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်း ရသည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူဖြစ်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းရင်းသားအလိုက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားလုပ်ငန်းရှင် များအသင်းအနေဖြင့် အဆိုပါအချက်ကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။
ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
နိုင်ငံတော်အနေဖြင့် ဒေသတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက် ပေးလျက်ရှိရာ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက် ရှိပါ ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် MESE လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲများကို (၁၀) ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်ပါ ကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း သဘာဝသယံဇာတဆိုသည်မှာ အကန့်အသတ်ရှိသဖြင့် တန်ဖိုးမြှင့်ကုန်ချောအဖြစ် ထုတ်နိုင်ရန်၊ စက်မှု၊ လက်မှု ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့်လည်း အငယ်စား၊ အလတ်စားနှင့် အသေးစားစီးပွားရေး လုပ်ငန်း များကို ပိုမိုရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရေးအတွက် နိုင်ငံတော်အနေဖြင့် ချေးငွေများ ထုတ်ပေးလျက်ရှိ ပါကြောင်း။
လုပ်ငန်းရှင်များနှင့်ချိတ်ဆက်
အသေးစား၊ အလတ်စားနှင့် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ထွန်းကားမှသာ ဖွံ့ဖြိုးတိုးတက်မှုများကို စဉ်ဆက်မပြတ် အပြည့်အဝရရှိစေမည် ဖြစ်ပါကြောင်း၊ ယခုလို ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ စွမ်းဆောင်ရည်မြှင့်တင်စေရေး၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များသာမက အခြားသော တိုင်းရင်းသား လုပ်ငန်းရှင်များ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပါ စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှု အားကောင်း လာစေရန် ယခုထက်ပို၍ အားသွန်ခွန်စိုက် ပူးပေါင်း ဆောင်ရွက်ကြပါဟု တိုက်တွန်းလိုပါကြောင်း။
အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ
ထို့ပြင် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှုများ ဖော်ထုတ်ပေးရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဦးဆောင်၍ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွဲဆောင်မှုရှိသည့် သဘာဝပတ်ဝန်းကျင် များစွာရှိသည့် ပြည်နယ်ဖြစ်ပြီး အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ရေခဲဖုံးလွှမ်းသည့် ခါကာဘိုရာဇီတောင်ရှိသည့် နေရာဖြစ်ပါကြောင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိစေပြီး ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မား လာစေနိုင်ပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် နှင့် သယံဇာတများကို အခြေပြု၍ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြပါဟု တိုက်တွန်းလိုပါကြောင်း။
ရလဒ်ကောင်းများရရှိမည်ဟုယုံကြည်
ယနေ့ နှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းသားလုပ်ငန်းရှင် များနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး၊ တိုင်းရင်းသားအချင်းချင်း စီးပွားရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရပ်ရွာ၊ မြို့နယ်၊ ပြည်နယ် တို့မှတစ်ဆင့် နိုင်ငံတော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဖွံ့ဖြိုးတိုးတက်ခြင်းမှငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ တီထွင်ဖန်တီးမှု စွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာများ တိုးတက် လာစေရေး၊ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရေး၊ လူသားအရင်းအမြစ် များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝသယံဇာတ များကို နောင်လာမည့် မျိုးဆက်သစ်များအတွက် ရေရှည် ထိန်းသိမ်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပ သည်ကို တွေ့ရှိရသည့်အတွက် ကချင်တိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေးသာမက နိုင်ငံတော် စီးပွားရေးတိုးတက်မှုကိုပါ အထောက်အကူဖြစ်စေမည့် ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း။
စနစ်တကျဖော်ထုတ်
စီးပွားရေးနှီးနှောဖလှယ်ပွဲရလဒ်များကို စနစ်တကျ ဖော်ထုတ်၍ မိမိတို့ ကချင်တိုင်းရင်းသားများ၊ အခြားသောတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်း အကူအညီဖြစ်စေရေးနှင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ဖွံ့ဖြိုး တိုးတက်ရေးကို ယခုထက်မက ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း။
နိုင်ငံရပ်ခြားအထိ ထိုးဖောက်ဆောင်ရွက်
မိမိတို့နိုင်ငံ၊ မိမိတို့တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ လုံ့လ၊ ရိုးသားဖြောင့်မတ်မှုများနှင့် သက်ဆိုင်ပါကြောင်း၊ တစ်ဦးတစ်ယောက်မှသည် မိသားစု၊ ရပ်ရွာ၊ မြို့နယ်အဆင့်များမှ နိုင်ငံတော်အဆင့်အထိ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက် ရသည့် စီးပွားရေးလုပ်ငန်းများကို စနစ်တကျ၊ စည်းကမ်း ရှိရှိ၊ လုံ့လဝီရိယ၊ ရိုးသားဖြောင့်မတ်မှုများနှင့် ဆောင်ရွက် မှသာ မိမိတို့နိုင်ငံတွင်းသာမက နိုင်ငံရပ်ခြားအထိပါ ထိုးဖောက်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်း မိမိတို့ထုတ်ကုန်များနှင့် ဆောင်ရွက်မှုလုပ်ငန်းများကို စနစ်တကျ ခေတ်မီပုံစံများဖြင့် ကမ္ဘာကို အောင်မြင်စွာ ထိုးဖောက်နိုင်သည်အထိ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စုပေါင်းအားတို့ ဖြင့် စွမ်းဆောင်ကြပါဟု တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးယောဆက်နှင့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ပြခန်းများလှည့်လည်ကြည့်ရှု
ထို့နောက် ဒုတိယသမ္မတသည် ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲအထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ ဆက်လက်၍ ဒုတိယသမ္မတသည် မနောအိမ်တော်၌ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဗဟိုကော်မတီဝင် များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကို ခရီးသွားလုပ်ငန်းများတွင် အပြည့်အဝအသုံးချနိုင်မည်ဆိုပါက ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် အရင်းအနှီးနည်းနည်းဖြင့် ဝင်ငွေ ရရှိစေနိုင်မည့်လုပ်ငန်းဖြစ်၍ သဘာဝအခြေပြု ခရီးသွား လုပ်ငန်းနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဒုတိယသမ္မတသည် ဧရာဝတီမြစ်ကူး တံတားအသစ် တည်ဆောက်နိုင်မည့်နေရာသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရွှေလေးက မြစ်ကူးတံတားတည်ဆောက် နိုင်မည့် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် ရှုရပ်မှ မြစ်ကူး တံတားအသစ် တည်ဆောက်နိုင်မည့်နေရာအား ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ဝိုင်းမော်မြို့နယ် ဖွံ့ဖြိုးခြံ(မိုင်းနား) တိုက်ပွဲရှောင်စခန်းရှိ မြစ်ကြီးနား သက်မွေးပညာသင်ကျောင်းသို့ ရောက်ရှိရာ Myanmar Kindness Foundation, Founder ဒေါ်ခင်မာလာနှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်သင်ကြားမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယသမ္မတသည် သင်တန်းခန်းမများ အတွင်း သင်တန်းသားများအား သက်မွေးပညာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ဝိုင်းမော်မြို့နယ် ဖွံ့ဖြိုးခြံ(မိုင်းနား) တိုက်ပွဲရှောင်စခန်းရှိ ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။ ယင်းနောက် စခန်းတာဝန်ခံက စခန်းဆိုင်ရာအချက် အလက်များနှင့် စခန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိသမ္မတအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက တိုက်ပွဲရှောင်ပြည်သူများ၏ သားသမီးများအတွက် ကျောင်းဝတ်စုံများ၊ အစားအစာ များနှင့် ကစားစရာပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ဒုတိယသမ္မတသည် နန့်မြစ်ခတံတားယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်း၊ မဂွေဇ-ရီဒမ်း လမ်း၊ မဂွေဇ- ခေါင်လန်ဖူးလမ်းနှင့် မြစ်ကြီးနား - ဗန်းမော် လမ်းတို့တွင် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်မည့် တံတားများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နန့်မြစ်ခတံတား ဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် မြစ်ကြီးနားစီးပွားရေး ဖွံ့ဖြိုးရေးဇုန်တည်ဆောက်မည့် ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီး ဦးဝေလင်းက ဇုန်အကောင် အထည်ဖော်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက ဇုန်အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဥပဒေလုပ်ထုံးလုပ်ထုံးနည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဂျော်ဘွမ်တောင် ဆုတောင်းမျှော်စင်သို့ရောက်ရှိပြီး မြစ်ကြီးနားမြို့ ရှုခင်းများကို လေ့လာကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဆုတောင်းတောင်၌ ဝတ်ပြုဆုတောင်းပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
သတင်းစဉ်


