၁၆ နိုဝင်ဘာ
အာလူးဟာ လူကြိုက်များတဲ့ ဟင်းသီးဟင်းရွက်အုပ်စုထဲမှာ ပါဝင်ပြီး အိမ်တိုင်းမှာ ဆောင်ထားလေ့ ရှိကြပါတယ်။ အရသာလည်းရှိတယ်။ အာဟာရဓာတ်လည်း ပေါကြွယ်ဝတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေတဲ့ အာလူးကို နေ့စဉ် စားသုံးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေကို ပြောပြပေးမယ်နော်။
၁။ ပေါကြွယ်ဝလွန်းတဲ့ အာဟာရဓာတ်တွေ အာလူးမှာ ပါဝင်ပါတယ်။
လူသားတိုင်း နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ လိုအပ်ပါတယ်။ အာလူးမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် B6၊ ဗီတာမင် C၊ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနိစ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်၊ ဖောလစ်အက်ဆစ်၊ အမျှင်ဓာတ်၊ အသားဓာတ်နဲ့ ကစီဓာတ်တွေ အများအပြား ပါဝင်ပါတယ်။
အာလူးကို ကြော်ချက်ပြီး ဖြစ်စေ၊ မီးဖုတ်ပြီးဖြစ်စေ စားလို့ အဆင်ပြေပါတယ်။ အာလူးခွံမှာလည်း အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် အခွံမနွှာဘဲ ချက်စားလို့ ရပါတယ်။
၂။ Antioxidant ဓာတ်ပေါင်း များစွာ ပါဝင်ပါတယ်။
အာလူးမှာ ပါဝင်တဲ့ antioxidant တွေဟာ နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းနဲ့ အူမကြီးထဲမှာရှိတဲ့ ရောဂါဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်နိုင်တယ်။
လူ့ခန္ဓာကိုယ်က အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်ကို စုပ်ယူလိုက်တဲ့အခါ အားအင်အဖြစ် ပြောင်းလဲပေးတယ်။ အူမကြီးထဲမှာရှိတဲ့ ကိုယ်ခန္ဓာအကျိုးပြု ဘက်တီးရီးယားတွေကို အားဖြစ်စေလို့ ကျန်းမာစေတယ်။
ဆီးချိုရောဂါသည်တွေမှာ တွေ့ရတဲ့ အင်ဆူလင်မတိုးတော့တဲ့ ပြဿနာ (Insulin resistance) ကို ကာကွယ်ပေးနိုင်တယ်။ ခန္ဓာကိုယ်က အင်ဆူလင်ကိုလည်း ကောင်းစွာ ထုတ်လုပ်ပေးနိုင်စေဖို့ ကူညီပေးတယ်။ အာလူးမှာ ပါဝင်တဲ့ ကိုယ်ခန္ဓာအကျိုးပြု ကစီဓါတ်ကို တိုးစေဖို့ အာလူးကို ပြုတ်ပြီး ရေခဲသေတ္တာထဲ တစ်ညထည့်ထားပြီး မနက်နိုးလာတဲ့အခါမှ အေးနေတဲ့အတိုင်း စားပေးတာ အကောင်းဆုံးပါပဲ။
၄။ အာလူးဟာ အစာကြေစေတယ်။
အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်နဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုင်ရာ အကျိုးရှိစေတဲ့အပြင် အစာကိုလည်း ကြေလွယ်စေတယ်။ အူမကြီးထဲက ကိုယ်ခန္ဓါအကျိုးပြု ဘက်တီးရီးယားတွေကိုလည်း အားဖြစ်စေလို့ ရောဂါတွေ အလွယ်တကူ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်တယ်။ အူမကြီးကို အားကောင်းစေပြီး ဝမ်းကိုလည်း မှန်စေပါတယ်။
၅။ အာလူးမှာ ဂလူတန် မပါဝင်ပါဘူး။
ဂလူတန် – gluten ဆိုတာ ကော်လို စေးကပ်တဲ့ အသားဓါတ်တစ်မျိုးပါ။ ဂလူတန်ပါဝင်တဲ့ အစားအစာတွေ စားရင် ဝမ်းဗိုက်နာကျင်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ ခန္ဓာကိုယ် အဖုအပိမ့် ထွက်ခြင်း ဖြစ်စေပါတယ်။
အာလူးမှာ ဂလူတန်လိုမျိုး စေးကပ်ပြီး ကိုယ်ခန္ဓာကို ဒုက္ခဖြစ်စေတဲ့ အသားဓာတ် ဓာတ်ပေါင်း မပါဝင်တာကြောင့် စိတ်ချပြီး စားသုံးပေးနိုင်သလို ကိုယ်အလေးချိန် ချလိုသူတွေအတွက်လည်း သင့်လျော်ပါတယ်။
၆။ ဝိတ်ချချင်သူတွေအတွက် သင့်လျော်ပါတယ်။
အာလူးဟာ ရင်ကိုပြည့်စေပြီး အစားမကြာခဏ စားချင်စိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ချလိုသူတွေ၊ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းနေတဲ့ အားကစားသမားတွေအနေနဲ့ အာလူးကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် အားအင်ကိုလည်း ဖြစ်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။
အာလူးဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ပြုတ်ပြီးဖြစ်စေ၊ ကြော်ချက်ပြီးဖြစ်စေ၊ ကင်ပြီးဖြစ်စေ၊ ပေါင်းပြီးဖြစ်စေ နည်းမျိုးစုံ ချက်ပြုတ်ပေးလို့ ရပါတယ်။ သတိပြုရာမှာ အာလူးရဲ့ အခွံမှာ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် အခွံနွှာပြီး မချက်ပြုတ်သင့်ပါဘူး။
သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို နည်းစေတယ်။ အစာကြေလွယ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်လို့ မိန်းကလေးတွေအတွက်ရော၊ အားကစားသမားတွေအတွက်ပါ အဆင်ပြေစေပါတယ်။ ဒါကြောင့် အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုသလိုကိုယ့်ရဲ့ ကျန်းမာရေးအတွက် နေ့စဉ်အစာအာဟာရမှာ အာလူးကို ထည့်သွင်းစားသုံးဖို့ အကြံပေးလိုက်ပါတယ်။
ရေးသားသူ -Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်”