မလှိုင်  ၁၆   နိုဝင်ဘာ

 

မန္တလေးတိုင်းဒသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ အသက်(၉)လမှ (၅)နှစ်ခွဲ အရွယ်ကလေးငယ်အားလုံးကို  ဝက်သက်- ဂျိုက်သိုးရောဂါ  ကာကွယ်ဆေး အပိုဆောင်း(၁)ကြိမ် ယခု ၂၆ ရက်နေ့မှ စတင်၍ ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်းထံမှ သိရသည်။ 

 

မလှိုင်မြို့နယ်အတွင်း ဝက်သက်- ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာလ (၂၆ ရက် မှ ၂၈) ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ယခင်က ဝက်သက်-ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ၊ ဝက်သက်-ဂျိုက်သိုး ပေါက်ဖူးသည်ဖြစ်စေ၊ မပေါက်ဖူးသည်ဖြစ်စေ အသက်(၉)လမှ (၅)နှစ်ခွဲ အရွယ်ကလေးငယ် အားလုံးကို ကာကွယ်ဆေးများ ထိုးနှံပေးသွား မည်ဖြစ်သည်။ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် (၉)လမှ (၅)နှစ်ခွဲအရွယ် ကလေးငယ်ပေါင်း(၁၁၆၃၉) ရှိပြီး မြို့နယ်အတွင်း ဆေးထိုး စုရပ်ပေါင်း (၂၃ဝ) ထားရှိကာ ဆေးထိုးအဖွဲ့ (၄၁) ဖွဲ့ဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်သည်။

 

ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးသေဆုံးမှု  ထပ်မံ လျှော့ချနိုင်ရန်နှင့် (၂ဝ၂၃) ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ  ကင်းကင်းစင် ပပျောက်စေရန် ရည်ရွယ်၍ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်ဌေး (မလှိုင်)