လဟယ် နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့က နာဂဒေသဦးစီးအဖွဲ့ရုံးခန်းမတွင် အစည်းအဝေးကျင်းပသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းက “၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ၊ ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်တင် ပြရန်နှင့် ပွဲတော်ကာလနီးပြီဖြစ်သည့်အတွက် လုပ်ငန်းကော်မတီအားလုံး တက်ကြွစွာပါဝင်စေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။
ဆက်လက်၍ နာဂဦးစီးဒေသအဖွဲ့ဝင်အတွင်းရေးမှူး ဦးသန်းရွှေက နာဂရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြရာတွင် “လုပ်ငန်းကော်မတီ တစ်ခုချင်းစီအလိုက် နာဂဦးစီးအဖွဲ့မှအနီးကပ်ကြီးကြပ်သွားမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များအား အလေးထားအချိန်မီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကဏ္ဍအလိုက်သက်ဆိုင်ရာတာဝန်ရှိသူများက တင်ပြဆွေးနွေးကာ မြို့နယ်အလိုက် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအဖွဲ့စေလွတ်မည့်ကိစ္စများကို တင်ပြကြသည်။ အဆိုပါ အစည်းအဝေးသို့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှ ရိုးရာကိုယ်စားလှယ်များ၊ နာဂ ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိ်ုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


