ပွင့်ဖြူ     နိုဝင်ဘာ    ၁၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဉတု ပြောင်းလဲ မှုဖြစ်စဉ်များအား လျော့နည်းကျဆင်းစေရန်ရည်ရွယ်ပြီး အရိပ်ရသစ်ပင်များ ပြုစုပျိုးထောင်ပြီး စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ လာမည့် ၂၀၂၀ ခုနှစ် မိုးရာသီကာလတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးဆောင်ရွက်နိုင်ရေး နိုဝင်ဘာ ပထမပတ်မှ စတင်ကာ မြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဉယျာဉ်ခြံတွင် အရိပ်ရပျိုးပင်ပေါက်များ ပျိုးထောင်ခြင်းလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

a

 

အဆိုပါ အရိပ်ရပျိုးပင်များ စိုက်ပျိုးခြင်းကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော် က အနီးကပ် ကြီးကြပ်၍ ဝန်ထမ်းများစုပေါင်းကာ ကျွန်း ၊ ယူကလစ် ၊ ခရေ ၊ ကံ့ကော် ၊ တမာ ၊ မယ်ဇလီ ၊ ကုက္ကို ၊ မအူ ၊ ပင်လယ်ကဗွီး အရိပ်ရပျိုးပင်များကို လူထုဖြန့် ၃၀ဝ၀ဝ နှင့် ဒေသခံတောင်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းအတွက် ၃၂၇၄၉ ပင် ၊ စုစုပေါင်း အရိပ်ရပျိုးပင် ၆၂၇၄၉ ပင် စိုက်ပျိုးနေကြောင်း သိရသည်။

ထို့အပြင် ကျေးရွာနေပြည်သူများ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်များ ရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ဒေသခံအစုအဖွဲ့ပိုင်သစ်တော(CF)စိုက်ခင်းများကိုလည်း အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ၊ လာမည့်၂၀၂၀ ခုနှစ်တွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တော(CF) စိုက်ခင်း ၅၆၀ ဒသမ ၉၄ ဧက အား ယူကလစ် ၊ လျှော်ဖြူ ၊ ကျွန်း ၊ ဝါး စသည့် အရိပ်ရပျိုးပင် ၈၄၁၄၁ ပင်ကို လည်းကောင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀၂၀ ခုနှစ်၊ မိုးရာသီကာလတွင် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပစိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ကြီးများ ပျိုးထောင်စိုက်ပျိုးထားရှိကြောင်း ၊ စိုက်ပျိုးထားသည့် ပျိုးပင်ကြီးများမှာ အရွယ်အစား (၁၉ × ၁၃)လက်မ အိတ်ဖြူကြီးဖြင့် သစ်မျိုးစုံ အပင် ၁၀ဝ ၊ အရွယ်အစား (၁၆× ၁၁)လက်မ အိတ်မဲကြီးဖြင့် သစ်မျိုးစုံ အပင် ၁၀ဝ နှင့် အရွယ်အစား (၈ × ၁၀)လက်မ အိတ်မဲဖြင့် သစ်မျိုးစုံ(၁၅)မျိုးနှင့် ဝါး အပင် ၅၀ဝ တို့ကို ပြုစုပျိုးထောင်ဆောင်ရွက်ထားရှိကြောင်းနှင့် မြို့နယ်အတွင်း မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ် ကာကွယ်နိုင် ရေးအတွက် ကမ်းပါးပြိုခြင်းသက်သာသော ဗာတီဗာမြက် အပင် ၂၀ဝ၀ဝ ကိုလည်း ပြန့်ပွားနည်းစနစ် (ဘဏ်စနစ်)ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော်က ပြောပြသည်။

ရဲဝင်းနိုင် (ညောင်ဦး)