ရန်ကုန် ၁၆ နိုဝင်ဘာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးနှင့် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး တို့သည် ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး၊ မြို့နယ် တရားသူကြီးတို့ လိုက်ပါလျက် တိုက်ကြီးမြို့နယ် အိုင်ကလောင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား နိုဝင်ဘာ ၁၄ ရက်(ကြာသပတေးနေ့) နံနက်ပိုင်းတွင် လည်းကောင်း၊ လှည်းကူးမြို့နယ် လှေလှော်အင်းစိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား နိုဝင်ဘာ ၁၅ ရက် (သောကြာနေ့) နံနက်ပိုင်းတွင်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးနှင့် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး တို့သည် စခန်းရှိ အကျဉ်းသား များနှင့်တွေ့ဆုံ၍ ဥပဒေပါ အခွင့်အရေးများ ခံစားရရှိခွင့်ရှိ၊ မရှိ ၊ ၎င်းတို့၏ နေထိုင် စားသောက်ရေး၊ ကျန်းမာရေးအခြေအနေနှင့် အသက်မွေးမှုအတတ်ပညာ သင်ကြားပေးမှု အခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးရန် စခန်းရှိ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


