နေပြည်တော် ၁၆ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ဆရာမကြီးဒေါ်ခင်ခင်ဝင်း ဦးစီးသော ကြယ်စင်ကောင်းကင် နေ့ရင်ခွင် ကိုယ်အားကိုယ်ကိုး စေတနာမူကြိုကျောင်း၌ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ကလေးငယ်များ၏ မိဘများ၊ မိသားစုဝင်များနှင့် တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍနှင့် စပ်လျဉ်း၍ ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကိုယ်ခန္ဓာ ပုံမှန်ကြီးထွားစေရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတို့ဖြင့် ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် နေ့ကလေးထိန်းကျောင်းများ၊ မိခင်ဝိုင်းများ၊ မူကြိုကျောင်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လုံလောက်မှုမရှိသေး၍ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ နည်းပညာများကို အစိုးရက ပံ့ပိုးပေးမည်ဖြစ်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ဥပဒေနှင့်အညီ ပုဂ္ဂလိကမူကြိုကျောင်းများ ဖွင့်လှစ်ကြရန် အားပေးလိုကြောင်း၊ ကိုယ်အားကိုယ်ကိုး မူကြိုကျောင်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကြယ်စင်ကောင်းကင်နေ့ရင်ခွင် ကိုယ်အားကိုယ်ကိုး စေတနာမူကြိုကျောင်းအတွက် သတ်မှတ်ထောက်ပံ့ငွေများကို ပေးအပ်ကြပြီး ကလေးငယ်များအတွက် ဆက်လက် ထောက်ပံ့ပေးနိုင်ရေးအတွက် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးကြ၍ ကလေးငယ်များအတွက် ကစားစရာနှင့် အာဟာရမုန့်များ ပေးဝေကြသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော တရုတ်ကောမူလတန်းကြိုကျောင်းသို့ သွားရောက်ကြည့်ရှုကြပြီး ကလေးငယ်များကို ကစားစရာနှင့် အာဟာရမုန့်များ ပေးဝေကြသည်။
ယင်းနောက် မကွေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မသန်စွမ်းသူများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့က အမှာစကားပြောကြားကြပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ မိခင်ဝိုင်း (၃၄) အတွက် ထောက်ပံ့ငွေကျပ် ၁၇၈ ဒသမ ၆၅ သိန်း၊ ထပ်မံဖွင့်လှစ်မည့် မိခင်ဝိုင်းအသစ် (၁၀) ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၄၆ ဒသမ ၅၆၂ သိန်း၊ မသန်စွမ်းသူ ၁၂၂၀၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၆၆၂ ဒသမ ၁၀ သိန်း၊ မင်းဘူးမြို့နယ်နှင့် နတ်မောက်မြို့နယ်အတွင်းရှိ မိခင်ဝိုင်းများအတွက် သင်ထောက်ကူ ပစ္စည်းများကို တာဝန်ရှိသူများထံပေးအပ်ကြရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ကြေးငွေများကို လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် ကလေးငယ်များကို ကစားစရာအရုပ်များနှင့် အာဟာရမုန့်များ ပေးဝေကြသည်။
မွန်းလွဲပိုင်းတွင် မကွေးမြို့ ကန်လှကျေးရွာရှိ မိခင်ဝိုင်းအမှတ်(၃)၌ မိဘများ လုပ်ငန်းခွင်ဝင်ချိန်တွင် ကလေးများအား စနစ်တကျ ပြုစုစောင့်ရှောက်ပေးနေမှု လက်တွေ့ဆောင်ရွက်ခြင်းကို ဝင်ရောက်ကြည့်ရှုလေ့လာကြပြီး ကလေးငယ်များအတွက် သင်ထောက်ကူပစ္စည်းများ၊ အာဟာရမုန့်နှင့် ကစားစရာများ ပေးဝေကြသည်။
သတင်းစဉ်


