နေပြည်တော် ၁၆ နိုဝင်ဘာ
မြန်မာနိုင်ငံ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့ (International Day of Tolerance) အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ရှိ Hilton Mandalay Hotel အမရပူရခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးဂိုဏ်းချုပ်ဆရာတော် မာရ်ကိုတင်ဝင်းမှ ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဘီရှော့ဂူနာစတောဆက်တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ဘဟာအီဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များက မေတ္တာပို့ဆုတောင်းခြင်းများ ဆောင်ရွက်ကြပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့ သဘောတူညီမှုကြေညာစာတမ်းကို ဘာသာအသီးသီးမှ တာဝန်ရှိသူများက ဖတ်ကြားကြသည်။
အပြည်အပြည်ဆိုင်ရာ နားလည်သင့်မြတ်မှုနေ့ကို မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းညီညွတ်စွာဖြင့် အတူယှဉ်တွဲနေထိုင်ရန်၊ လူမှုပေါင်းစည်းညီညွှတ်ရေးတို့ကို တိုးမြင့်စေရန်၊ တစ်ဦးနှင့်တစ်ဦး သည်းခံခွင့်လွှတ်နားလည်မှုများ တိုးပွားပြီး အလေ့အကျင့်ကောင်းနှင့် အပြုအမူကောင်းများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နိုင်ငံသားအချင်းချင်း ဘာသာလူမျိုး မခွဲခြားဘဲ ချစ်ခင်ရင်းနှီးစွာ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်မှစတင်၍ နှစ်စဉ် နိုဝင်ဘာ ၁၆ ရက်တွင် တစ်ကမ္ဘာလုံး၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တင်မောင်၊ မင်းထက်အောင်(မန်းကိုယ်ပွား)


