mdn

ပေါက် ၁၆  နိုဝင်ဘာ 

 

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နှမ်းကို မိုးကြို ရေသွန်းနှမ်း၊ မိုးဦးနှမ်းလျင်နှင့် မိုးနှောင်းနှမ်းကြီးဟူ၍ စိုက်ပျိုးကြရာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ မိုးနှောင်း စမုံနက်နှမ်း စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

 

ပေါက်မြို့နယ်တွင် ယခင်က မိုးနှောင်းနှမ်းကို ဆင်းရတနာ (၃)၊ ကြယ်မရှောင်နှမ်းကြီးဟူ၍ စိုက်ပျိုးခဲ့ကြရာ ယခုအခါ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရသည့် စမုံနက်နှမ်းကို အများဆုံးစိုက်လျက်ရှိသည်။ အဆိုပါနှမ်းကို စက်တင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းကြသည်။

 

တစ်ဧကလျှင် ၈ တင်းနှင့် ၁၀ တင်းကြား ထွက်ရှိပြီး ယခင်လက်ငုတ်ဈေးနှုန်း နှမ်းတစ်တင်းလျှင် ရှစ်သောင်းဝန်းကျင်ရှိကာ ယခုနှစ် စမုံနက်နှမ်းစိုက်တောင်သူများ ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ဆွေထံမှ သိရသည်။

 

ယခုနှစ် အနှောင်းမိုးရွာသွန်းမှု ကောင်းမွန်သဖြင့် မိုးနှောင်း စမုံနက်နှမ်းကြီးစိုက် တောင်သူများ၏ စိုက်ခင်းများတွင် အသီးအပွင့်များ ဝေဆာလျက်ရှိပြီး ယခင်နှစ်များထက် စမုံနက်နှမ်းအထွက်နှုန်း ပိုမိုကောင်းမွန်လိမ့်မည်ဟု မျှော်လင့်နေကြောင်း ပေါက်မြို့နယ်ပန်း တော်ကန်ကျေးရွာနေ စမုံနက်နှမ်းစိုက် တောင်သူတစ်ဦးက ပြောသည်။

 

ဉာဏ်တိုး(ပေါက်)