နေပြည်တော် ၁၆ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့်အဖွဲ့သည် ယမန်နေ့က ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ရှန်ဟိုင်းမြို့ရှိ အမှတ်(၁)ဘိုးဘွားရိပ်သာသို့ သွားရောက်လေ့လာကာ ရှန်ဟိုင်းဒေသ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် Mr. Qinhao Zhu နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ရှန်ဟိုင်းဒေသ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအကြောင်း ရှင်းလင်းရာတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် မိဘမဲ့ (သို့) မိဘမှ ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းမရှိသည့် ကလေးသူငယ်များအား ကူညီပံ့ပိုးလျက်ရှိကြောင်း၊ ရှန်ဟိုင်းမြို့သည် နိုင်ငံတကာသတ်မှတ်ချက်များအရ အသက်ရှည်သူများ နေထိုင်ရာမြို့ဖြစ်ပြီး နေထိုင်သူ(၂၅)သန်း၏ ၃၄ ရာခိုင်နှုန်းကျော်မှာ အသက်(၆၀)ကျော် သက်ကြီးနိုင်ငံသားများ ဖြစ်သောကြောင့် ၎င်းပြည်သူများကို ပံ့ပိုးကူညီပေးရန် ဦးစားပေးဆောင်ရွက်နေကြောင်း၊ ရှန်ဟိုင်းမြို့ရှိ သက်ကြီး(၉၀)ရာခိုင်နှုန်းကျော်အား ၎င်း၏မိသားစုများက စောင့်ရှောက်လျက်ရှိပြီး (၇)ရာခိုင်နှုန်းကျော်အား ရပ်ကွက်အဆင့် ဘိုးဘွားဝန်ဆောင်မှုဌာနများမှ စောင့်ရှောက်ပေးကာ ကျန်(၃)ရာခိုင်နှုန်းခန့်သာ ဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိကြောင်း၊ ရှန်ဟိုင်းမြို့တွင်အစိုးရ၊ လူမှုရေးအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီမံခန့်ခွဲနေသော ဘိုးဘွားရိပ်သာ(၇၀၀) ကျော်ရှိပြီး ရပ်ကွက်အဆင့် ဌာန(၃၀၀၀)ကျော်ရှိကြောင်း ရှင်းလင်းဆွေးနွေးရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့်မှ သက်ကြီးစောင့်ရှောက်ရေး အလေးထားဆောင်ရွက် နေမှု၊ သက်ကြီးလူမှုရေးပင်စင်အား နိုင်ငံတော်၏ ဘဏ္ဍာငွေလျာထားမှုနှင့်အညီ အသက်အရွယ်များ လျှော့ချထောက်ပံ့ပေးနေမှု၊ မြန်မာနိုင်ငံရှိ ဘိုးဘွားရိပ်သာများအား ကြီးကြပ်ကွပ်ကဲမှု၊ ဘိုးဘွားရိပ်သာတွင် တာဝန်ထမ်းဆောင်သူများအား စွမ်းဆောင်ရည်ကောင်းမွန် စေရေးအတွက် လေ့ကျင့်သင်ကြားပေးမှုတို့အား ပြန်လည်ဆွေးနွေးသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘိုးဘွားရိပ်သာအတွင်း ဘိုးဘွားများ နေ့စဉ် လူမှုဘဝအသွင် ပြန်လည်ရရှိစေရေးအတွက် စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဂီတဖန်တီးခြင်း၊ ရိုးရှင်းသည့် လက်မှုလုပ်ငန်း ဆောင်ရွက်ခြင်းတို့အား ကြီးကြပ်ကူညီသူများဖြင့် ဆောင်ရွက်နေမှု၊ ခန္ဒာကိုယ်နှင့် စိတ်ပိုင်းကျန်းမာမှုအတွက် ရိပ်သာမှဆောင်ရွက်ပေးနေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ဝင်ဆံ့ရေး ဆောင်ရွက်နေမှုများအား လိုက်လံလေ့လာကာ မြန်မာနိုင်ငံတွင် ပြည့်စုံကောင်းမွန်သည့် ဘိုးဘွားရိပ်သာများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


