နေပြည်တော် ၁၆ နိုဝင်ဘာ
နယူးဇီလန်နိုင်ငံ University of Otago၊New Zealand Myanmar Chamber of Commerce နှင့် Capital Diamond Star Foundation တို့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ “ရောဂါပိုးများ၏ မျိုးဗီဇအစီအစဉ် အပြည့်အစုံကို စစ်ဆေးဖော်ထုတ်နိုင်သည့် အမေရိကန် ဒေါ်လာ (၂၅,၀၀၀) တန်ဖိုးရှိ နောက်ဆုံးပေါ် အဆင့်မြင့်ဆေးပစ္စည်း ကိရိယာ illumina iSeq100 (Whole-Genome Sequencing, WGS) machine လှူဒါန်းပေးအပ်ပွဲ” အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Melia Hotel တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုလှူဒါန်းသည့် ဆေးပစ္စည်းကိရိယာကို အသုံးချ၍ တီဘီရောဂါအပါအဝင်ကူးစက် ရောဂါများကူးစက် ပြန့်နှံ့မှုအခြေအနေများကို စောင့်ကြည့်ဆန်းစစ်နိုင်ရုံသာမက ရောဂါပိုးများ၏ မျိုးရိုးဗီဇ ပြောင်းလဲမှုနှင့် ဆေးယဉ်ပါးမှုပုံသဏ္ဌာန်များကိုလည်း အချိန်တိုအတွင်း တိကျစွာသိရှိနိုင် မည်ဖြစ်ပါကြောင်း။
ယခုဆေးပစ္စည်း ကိရိယာကိုဝန်ကြီးဌာနမှ လက်ခံရရှိသုံးစွဲနိုင်ခြင်းဖြင့် တီဘီရောဂါ ဖြစ်ပွားမှုများပြားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအနက် ယခုကဲ့သို့သော ခေတ်မီနောက်ဆုံး ပေါ်မြင့်မားသည့်နည်းပညာကို အသုံးချနိုင်သည့် နိုင်ငံအနည်းငယ်တွင် ပါဝင်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင် အလွန်အကျိုးများစေမည့် ဆေးပစ္စည်းကိရိယာကို စေတနာပြည့်ဝစွာ ဖြင့်လှူဒါန်းပေးအပ်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နယူးဇီလန်နိုင်ငံအနေဖြင့်လည်း ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တက္ကသိုလ်များ၊ သုတေသနဌာနများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သည့် သုတေသနလုပ်ငန်း (multi centric collaborative research) များ ပိုမိုပြုလုပ်သွားစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Steve Marshall က အမှာစကားပြောကြားသည်။
ယင်းနောက် နယူးဇီလန်နိုင်ငံ University of Otagoမှ ဒေါက်တာထင်လင်းအောင် ကအလှူရှင်များကိုယ်စား ဆေးပစ္စည်းကိရိယာလှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဆေးပစ္စည်းကိရိယာနှင့် စာရွက်စာတမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းထံ လွှဲပြောင်းပေးအပ်ရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာချိုချိုစန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဦးမင်းဟန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး) ဒေါက်တာသန်းသန်းနွယ်၊ တာဝန်ရှိသူများနှင့် ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင်တွေ့ဆုံ၍ ဈေးများတွင်ရောင်းချနေသော အသား၊ ငါး၊ အသီးအရွက်များနှင့် စားသောက်ကုန်များ အန္တရာယ်ရှိ ဆိုးဆေးများ၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ ရောဂါပိုးမွှားများကင်းစင်၍ လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဖြစ်စေရေးကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါအစည်းအဝေးတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
သတင်းစဉ်


