ရန်ကုန် ၁၆ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ၌ ကျင်းပသည့် Myanmar 100 Handover Ceremony သို့ တက်ရောက်ပြီး ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲထားသော မှုံရွှေရည်ရုပ်ရှင်ဇာတ်ကားနှင့် ရန်ကုန်မြင်ကွင်း မှတ်တမ်းရုပ်ရှင်အား လက်ခံရယူသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံနှင့် သြစတေးလျနိုင်ငံတို့မှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ဒုတိယသံအမတ်ကြီးနှင့် Memory Cinema အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားထုတ်လုပ်သူများ၊ Save Myanmar Film အဖွဲ့ဝင်များ၊ ရုပ်ရှင်ချစ်ပရိသတ်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ရုပ်ရှင်အမွေအနှစ် ရုပ်ရှင်ဇာတ်ကားနှင့်မှတ်တမ်းများ ဂုဏ်ပြုလွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ Memory Cinema ရုပ်ရှင်ပွဲတော် မြန်မာနိုင်ငံဆိုင်ရာ နာယက အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Memory Cinema အဖွဲ့မှ Mrs. S’everine Wemaere က ၂၀၁၆ ခုနှစ်တွင် ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျာမနီနိုင်ငံတို့ပူးပေါင်း၍ ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲထားသော “မြဂနိုင်ရုပ်ရှင်”ဇာတ်ကား၊ ၂၀၁၇ ခုနှစ်တွင် စင်ကာပူနှင့် ပြင်သစ်နိုင်ငံတို့ပူးပေါင်း၍ ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲထားသော ပျို့ချစ်လင် ရုပ်ရှင်ဇာတ်ကားတို့ကို ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ၂၀၁၈ ခုနှစ်တွင် ပြင်သစ်၊ အီတလီနှင့် ဂျာမနီနိုင်ငံတို့ ပူးပေါင်း၍ ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲထားသော မှုံရွှေရည်ရုပ်ရှင်ဇာတ်ကားကို ယနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် Save Myanmar Film အဖွဲ့မှ ဦးဥက္ကာက မြန်မာ့ရုပ်ရှင် အမွေအနှစ် ရုပ်ရှင်ဇာတ်ကားများနှင့် မှတ်တမ်းရုပ်ရှင်များကို ရှာဖွေစုဆောင်းမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် Memory Film ရုပ်ရှင်ပွဲတော်ကျင်းပလျက်ရှိသည့် Memory Cinema အဖွဲ့က ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရှေးဟောင်းအမွေအနှစ် ရုပ်ရှင်ဇာတ်ကားများကို ပြန်လည်ထိန်းသိမ်း ဖော်ထုတ်သည့်လုပ်ငန်းကိုလည်း ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာဂန္တဝင် ရုပ်ရှင်ဇာတ်ကားများဖြစ်သည့် “မြဂနိုင်”၊ “ပျို့ချစ်လင်” နှင့် “မှုံရွှေရည်”တို့ကို Restoration ပြုလုပ်သကဲ့သို့ ဂျပန်နိုင်ငံကလည်း “ဂျပန်ရင်သွေး”ရုပ်ရှင် ဇာတ်ကားကို Restoration ပြုလုပ်ပေးခဲ့ပြီး မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် လွှဲပြောင်းပေးအပ်ရန် အစီအစဉ်ရှိပါကြောင်း။
ကိုရီးယားနိုင်ငံ ဖလင်ကောင်စီကလည်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများထဲမှ “ပယင်းရောင်” ရုပ်ရှင်ဇာတ်ကားကို ဒစ်ဂျစ်တယ်စနစ်သို့ ပြုလုပ်ရန်ပြင်ဆင်လျက် ရှိပါကြောင်း၊ ပြန်လည်ရှာဖွေလို့ရသည့် မြန်မာရုပ်ရှင်ဇာတ်ကားများနှင့် နိုင်ငံတကာမိတ် ဆွေများမှ ပြင်ဆင်ပေးသည့် မြန်မာရုပ်ရှင်ဇာတ်ကားများကို စုစည်းကာ လာမည့်မြန်မာ့ ရုပ်ရှင်နှစ်(၁၀၀)ပြည့် ပွဲတော်ရက်သတ္တပတ်တွင် ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့ရုပ်ရှင်ဇာတ်ကားများသာမက မြန်မာ့ရုပ်ရှင်မှတ်တမ်းများသည်လည်း အလွန်တန်ဖိုးရှိပြီး စိတ်ဝင်စားဖွယ်ကောင်းသဖြင့် ၎င်းမှတ်တမ်းကားများကိုလည်း ပြန်လည်စုစည်းပြီး ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ သိမ်းဆည်းထားသည်များရှိပါက ပြန်လည်ဌားရမ်း ရယူလိုပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအနေဖြင့် ရုပ်ရှင်လောကသားများနှင့်ပူးပေါင်းပြီး ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် “ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ”ကို လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ဖွင့်လှစ်ခဲပါကြောင်း၊ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာတွင် ရုပ်ရှင်နှင့် ပတ်သက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူများ စုစည်းပြီး နှီးနှောဖလှယ်မှုများ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးရေးစင်တာမှတစ်ဆင့် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အီတလီနိုင်ငံ သံအမတ်ကြီးနှင့် ပြင်သစ်နိုင်ငံ ဒုတိယသံအမတ်ကြီးတို့က ပြင်သစ်၊ အီတလီနှင့် ဂျာမနီနိုင်ငံတို့ ပူးပေါင်း၍ မှုံရွှေရည်ရုပ်ရှင်ဇာတ်ကားကို ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှု၊ ၎င်းတို့နိုင်ငံများတွင် ဂန္ထဝင် ရုပ်ရှင်ဇာတ်ကားများနှင့် မှတ်တမ်းရုပ်ရှင်များ စုဆောင်းထိန်းသိမ်းထားရှိမှုနှင့် မြန်မာ့ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများ ထပ်မံရှာဖွေပြီး ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲရေး ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်နှင့် မြန်မာ့ရုပ်ရှင်အမွေအနှစ် ရုပ်ရှင်ဇာတ်ကားများ မှတ်တမ်းရုပ်ရှင်များ ရှာဖွေစုဆောင်းမှုနှင့် ထိန်းသိမ်းရေးဆောင်ရွက်နေမှုတွင် ပံ့ပိုးကူညီပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးနှင့် ပြင်သစ်နိုင်ငံ ဒုတိယသံအမတ်ကြီးတို့က ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲထားသော မှုံရွှေရည်ရုပ်ရှင် ဇာတ်ကားနှင့် သြစတေးလျနိုင်ငံ သံအမတ်ကြီးက ၁၉၀၀ ပြည့်လွန်နှစ်များက ရိုက်ကူးထားသည့် ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်ဆိပ်ကမ်းမြင်ကွင်း၊ မြန်မာနိုင်ငံတွင် ဆင်များဖြင့် သစ်ထုတ်လုပ်ရေးဆောင်ရွက်ခဲ့မှုဆိုင်ရာ မှတ်တမ်းရုပ်ရှင်တို့ကို လွှဲပြောင်းပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ယနေ့လွှဲပြောင်းပေးအပ်ခဲ့သည့် ဒစ်ဂျစ်တယ်စနစ်သို့ ပြုပြင်ပြောင်းလဲထားသော အဖြူ/အမည်းရုပ်ရှင်ဇာတ်ကား “မှုံရွှေရည်”ကို ၁၉၇ဝ ပြည့်နှစ်တွင် အပေါင်းလက္ခဏာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာဝင်းဦးက ရိုက်ကူးခဲ့ပြီး ၎င်းနှင့်အတူ ဦးအောင်လွင်နှင့် ဒေါ်ခင်သန်းနုတို့ အဓိကပါဝင်သရုပ်ဆောင်ထားကြောင်း၊ ၎င်းနှစ်တွင် ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲတွင် “မှုံရွှေရည်”သည် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့သည့်အပြင် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကိုလည်း ဝင်းဦးက ဆွတ်ခူးရရှိခဲ့ကြောင်း၊ ၎င်းရုပ်ရှင်ဇာတ်ကား၏ ဖလင်ကို ပြန်ကြားရေးဝန်ကြီးဌာန ဖလင်ပဋိကတ်တိုက်တွင် ထိန်းသိမ်းထားရှိပြီး ဂျာမနီနိုင်ငံတွင် ရောင်းချထားသည့် မှုံရွှေရည် ရုပ်ရှင်ဇာတ်ကားဖလင်ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Memory Cinema အဖွဲ့၏ မေတ္တာရပ်ခံချက်အရ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ Arsenal Film Archive အဖွဲ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် အီတလီနိုင်ငံပိုင် IMGICA Lab သို့ ပို့ဆောင်သန့်စင်၍ Digital Restoration ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် Memory Cinema အဖွဲ့သည် ၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့သည့် “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကို ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် လည်းကောင်း၊ ၁၉၅၀ ပြည့်နှစ်က ရိုက်ကူးခဲ့သည့် “ပျို့ချစ်လင်” ရုပ်ရှင်ဇာတ်ကားကို ၂၀၁၆-၂၀၁၇ ခုနှစ်များတွင် လည်းကောင်း Digital Restoration ပြုလုပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနသို့ လွဲပြောင်းပေးအပ်ခဲ့ရာ ၎င်းဇာတ်ကားများအနက် “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားသည် UNESCO ဒေသအဆင့် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


