mdn

နေပြည်တော် ၁၆ နိုဝင်ဘာ

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပါရီငြိမ်းချမ်းရေး ဖိုရမ်နှင့် အကြိမ် (၄၀) မြောက် ယူနက်စကို အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Ministerial Meeting on SDG-4 Quality Education အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် International Institute of Educational Planning (IIEP) ညွှန်ကြားရေးမှူး Ms. Suzanne Grant Lewis နှင့်တွေ့ဆုံ၍ ပညာရေးစီမံကိန်း၊ တက္ကသိုလ်အရည်အသွေး အာမခံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယအကြိမ် ပါရီငြိမ်းချမ်းရေးညီလာခံ၏ “Shine Bright: A Better Future with Innovation in Education” ခေါင်းစဉ်ဖြင့် ကျင်းပသော ပညာရေးဆိုင်ရာဆွေးနွေးပွဲ(Panel)တွင် တက်ရောက်ဆွေးနွေးခဲ့ပြီး Ministerial Meeting on Inclusion and Mobility in Higher Education အစည်းအဝေးသို့ တက်ရောက်သည်။

 

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဒိန်းမတ်နိုင်ငံ ပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသော High-Level Breakfast Meeting သို့ တက်ရောက်ခဲ့ပြီး General Policy Debate ၌ National Policy Statement မိန့်ခွန်းပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ယူနက်စကိုနှင့် Nordic မိတ်ဖက်နိုင်ငံများမှ ဝန်ကြီး ၁၇ ဦးတို့နှင့်အတူ Ministerial Breakfast Meeting of the Capacity Development for Education (Cap ED) Program သို့ တက်ရောက်ကာ SDG-4 Quality Education ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

အကြိမ် (၄၀) မြောက် ယူနက်စကို အထွေထွေညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ပါရီမြို့ရှိ မြန်မာနိုင်ငံ ယူနက်စကိုအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့၏ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျနှင့် ယူနက်စကိုဆိုင်ရာ မြန်မာအမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်