မိတ္ထီလာ ၁၇ နိုဝင်ဘာ
မိတ္ထီလာ၌ နှစ် (၃ဝ) မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်ရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထီလာလိပ်ဗျူးဟိုတယ်ခန်းမတွင် ကျင်းပခဲ့သည်။
ခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အမှာစကားပြောကြားပြီး အက်ရှင်အေ့ဒ်မြန်မာ (မိတ္ထီလာ) စီမံကိန်းတာဝန်ခံ ဦးတိုးတိုးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ ကျောက်ပန်းတောင်း၊ မိတ္ထီလာ ကလေးသူငယ် အခွင့်အရေး ပူးပေါင်းဆောင်ရွက်သောအဖွဲ့ (Upper KMN) စီမံကိန်း တာဝန်ခံ ဦးစိုးမိုးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်၊၊
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကလေးသူငယ်များက တေးသရုပ်ဖော် အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။
အဆိုပါ နှစ် (၃၀) မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်ရှင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အက်ရှင်အေ့ဒ်မြန်မာနှင့် Upper KMN အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ ခရိုင်/မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူများနှင့် မူကြိုကျောင်းများမှ ဆရာမများနှင့် ကလေးငယ်သူများ၊ ကျေးရွာဒေသများမှ ကလေးသူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


