၁၇ နိုဝင်ဘာ
ဘေဘီလေးတွေကို ကျန်းမာတဲ့ သွားတွေပိုင်ဆိုင်စေဖို့နဲ့ အစားအစာတွေကို ကောင်းကောင်း စားနိုင်စေဖို့အတွက် ငယ်စဉ်ချိန်ကတည်းက သွားနဲ့ခံတွင်းကျန်းမာစေဖို့ မိဘတွေကသေသေချာချာ ဂရုစိုက်ပေးဖို့လိုပါမယ်။ မိမိရင်သွေးလေးတွေကို ပြုံးအလှပိုင်ရှင်ဖြစ်စေဖို့ မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ခံတွင်းနဲ့သွားတွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို သင့်တင့်မျှတအောင် ကျွေးမွေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ ရင်သွေးလေးတွေ သွားနဲ့ ခံတွင်းကျန်းမာစေဖို့ ဘာတွေကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။
ကလေးခံတွင်းနဲ့သွားကျန်းမာစေဖို့ အစားအစာ (၅) မျိုး
ပန်းသီး
ကလေးတွေကို ပန်းသီးကျွေးပေးမယ်ဆိုရင် သွားမှာကပ်ညှိနေတဲ့ သွားချေးလိုမျိုးအရာတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ပန်းသီးတင်မဟုတ်ပါဘူး။ အမျှင်ဓာတ်ပါတဲ့ အသီးတွေကလည်း ကလေးရဲ့ သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်ပါတယ်။ ပန်းသီးက ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွားတွေကြံ့ခိုင်စေဖို့ အထောက်အကူ ပြုပေးပါတယ်။
ဉအမျိုးမျိုး
ကြက်ဉ၊ ဘဲဉနဲ့ ငုံးဉတို့လိုမျိုး ဉတွေမှာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင် D တို့လိုမျိုး ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ဗီတာမင် D က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အကူပေးပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်ဆိုတာကိုတော့ ဖေဖေမေမေတို့ သိပြီးဖြစ်မှာပါ။ ဉအမျိုးမျိုးမှာ DHA လို့ခေါ်တဲ့ omega-3 fatty acid တစ်မျိုးပါဝင်လို့ ရွေးချယ်သင့်တဲ့ အာဟာရဓာတ်စာပါပဲ။ Docosahexaenoic acid (DHA) က DHA က ကလေးတွေရဲ့ အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါသလို DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပါလိမ့်မယ်။
နို့
နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်တွေမှာ ကယ်လ်ဆီယမ်၊casein နဲ့ phosphorus တို့လိုမျိုး သွားကြွေလွှာကို ကာကွယ်ပေးတဲ့ဓာတ်တွေ ပါဝင်နေပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အာဟာရဓာတ်တွေက ခံတွင်းကို ကျန်းမာစေပါတယ်။
ဟင်းသီးဟင်းရွက်တချို့
မုန်လာဉနီလိုမျိုး အစိမ်းလိုက်ဝါးစားလို့ရတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေက ရေဓာတ်လည်းကြွယ်ဝစွာ ပါဝင်တာကြောင့် သွားရဲ့ အပေါ်ယံမျက်နှာပြင်တွေကို သန့်စင်ပေး နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေက အချိုဓာတ်ကို ထိန်းညှိပေးပြီး သွားတွေကို သန့်စင်စေနိုင်ပါတယ်။
ပန်းဂေါ်ဖီစိမ်း နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် ခံတွင်းနဲ့ သွားကျန်းမာရေးအတွက်တော်တော့်ကို အထောက်အကူပြုနိုင်ပါတယ်။ ကိုက်လန်နဲ့ဟင်းနုနွယ်လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ သွားနဲ့သွားဖုံးကို ကျန်းမာစေနိုင်တဲ့ ဖောလစ်အက်ဆစ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။
အခွံမာသီးတွေ နဲ့ အစေ့အဆန်တွေ
အခွံမာသီးတွေနဲ့ အစေ့အဆန်တွေက ခံတွင်းထဲမှာရှိနေတဲ့ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်တဲ့ အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အယ်လ်မွန်၊ မြေပဲနဲ့သီဟိုဠ်စေ့တွေမှာ ကယ်လ်ဆီယမ်နဲ့ phosphorus တို့များစွာပါဝင်နေတာကြောင့် သွားကျန်းမာအောင် ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် DHA လည်းကြွယ်ဝလို့ ကလေးရဲ့မျက်စိကျန်းမာရေးနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမှာ အတိုင်းထက်အလွန် ကောင်းမွန်စေပါတယ်။
ကလေးတွေရဲ့ သွားကိုထိခိုက်စေနိုင်တဲ့ အစားအသောက်တွေ
အချိုကဲပြီးစေးကပ်ကပ်နိုင်တဲ့ အစားအစာတွေက သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးအနေနဲ့ အချိုများပြီး စေးကပ်ကပ်နိုင်တဲ့ အစားအစာတွေစားပြီးတဲ့အခါတိုင်း သွားနဲ့ခံတွင်းတွေကို သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါလိမ့်မယ်။
ဝါးစားလို့ရတဲ့ ခပ်ပျော့ပျော့သကြားလုံး
သကြားလုံး
တော်ဖီခဲ
အချိုရည်တွေ
သကြားပါတဲ့ ပီကေ
အသီးခြောက်တွေ
အာလူးကြော်
ပျားရည်
ကပ်စေးနဲတွေကို ဖြစ်နိုင်ရင် မကျွေးတာ ကောင်းပါတယ်။
ဘေဘီလေးတွေကို သွားနဲ့ခံတွင်းကျန်းမာတဲ့ ပြုံးအလှပိုင်ရှင်လေးတွေဖြစ်စေဖို့ ဘာတွေကျွေးမွေး ပေးရမလဲဆိုတာ ဖေဖေမေမေတို့ သိလောက်ပြီထင်ပါတယ်။ ကလေးငယ်ကို ငယ်စဉ်အရွယ်ကတည်းက သွားနဲ့ခံတွင်းကျန်းမာတဲ့ ဘေဘီလေးတွေအဖြစ် ပျိုးထောင် နိုင်ကြပါစေကြောင်း။
ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Kaung Thar
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”