မန္တလေး ၁၇ နိုဝင်ဘာ
မန္တလေးမြို့ရှိ အမည်နှင့်လမ်းများအား လမ်းနံပါတ်များသတ်မှတ်၍ Zip Code များဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အမည်နှင့် လမ်းများကို အဓိကလမ်းမကြီး ဖြစ်သော သိပ္ပံလမ်းမှစတင်ကာ အဆိုပါ လမ်းတောင်ဘက်ခြမ်းရှိ အမည်နှင့်ရှိသော လမ်းများ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ ယခင်လမ်းနံပါတ်များနှင့် တူညီမှုမရှိစေရန် သိပ္ပံလမ်းအား လမ်းနံပါတ် (၁၀၁) အဖြစ်သတ်မှတ်၍ နံပါတ်စဉ်အလိုက် သတ်မှတ်သွားမည်ဖြစ်ကာ ရပ်ကွက်များအတွင်းရှိ လမ်းသွယ်များကို လမ်းနံပါတ်နှင့်တကွ A, B , စသည်အက္ခရာများနှင့် သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ လမ်းနံပါတ်များ ပြောင်းလဲတပ်ဆင်ခြင်းကို ယခုနှစ်မကုန်မီ လာမည့်ဒီဇင်ဘာလတွင် စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ထံမှ သိရသည်။
ယင်းကဲ့သို့ လမ်းနံပါတ်များ ပြောင်းလဲတပ်ဆင်ခြင်းမှာ မန္တလေးမြို့ရှိ အမည်နှင့်လမ်းများသည် လမ်းအမည်ထပ်နေမှု များစွာရှိပြီး အချို့လမ်းများမှာ လမ်းတစ်ခုတွင် အမည်နှစ်မျိုး ဖြစ်နေခြင်းများရှိသည့်အတွက် သွားလာရာတွင် ခက်ခဲမှုများရှိခြင်းကြောင့် သွားလာရေးလွယ်ကူစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြောင်းလဲတပ်ဆင်မည့် လမ်းဆိုင်းဘုတ်များတွင် မြို့နယ်၊ ရပ်ကွက်အလိုက် Zip Code ဖြစ်သည့် ဂဏန်း(၈)လုံး ပါဝင်မည်ဖြစ်ပြီး မူလရှိသည့် လမ်းအမည်နှင့် ယှဉ်တွဲဖော်ပြပေးမည် ဖြစ်ကြောင်း လမ်းညွှန်ဆိုင်းဘုတ်များကို နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ပြုလုပ်တပ်ဆင် သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် က ဆက်လက်ပြောကြားသည်။
လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ရာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ဘတ်ဂျက်လျာထားခြင်းမရှိဘဲ အလှူရှင်များ၏ လှူဒါန်းမှုများကို လက်ခံကာ ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုလျှင် ငွေကျပ်ခြောက်သောင်း ကုန်ကျမည်ဖြစ်ပြီး မည်သူမဆို လာရောက်လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းသည့်သူများအား အကျိုးခံစားခွင့်အဖြစ် လမ်းဆိုင်းဘုတ်များအောက်တွင် လှူဒါန်းသည့် ကုမ္ပဏီအမည်များ ရေးထိုးကြော်ငြာခွင့်ပြု သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ သိရသည်။
ရှေ့နောက်ပြိုင်နေတဲ့ လမ်းတွေနဲ့ တောင်မြောက်ပြိုင်နေတဲ့ လမ်းတွေကိုပဲ နံပါတ်တပ်သွားမည်ဖြစ်ပြီး စောင်းနေတဲ့ လမ်းများကို နံပါတ်တပ်ဆင်သွားမည် မဟုတ်ကြောင်း သိရပြီး မန္တလေးမြို့တွင် နံပါတ်နှင့်လမ်းပေါင်း (၂၄၀၁)လမ်းနှင့် အမည်နှင့်လမ်းပေါင်း ၇၂လမ်းရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


