နေပြည်တော်  ၁၇   နိုဝင်ဘာ

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College အဆောက်အဦ ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင်  နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိခရိုင်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ နေကြာလမ်း အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးစိုးနိုင်၊ ဦးမျိုးတင့်၊ ဦးခင်မောင်ကြည်၊ ဦးမျိုးဝင်းတို့က သတ်မှတ်နေရာများတွင်  ပန္နက်တော်တင် တွင်းတော်ဝန်းပေးကြပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်းအထိမ်းအမှတ် ထုံးတမ်းစဉ်လာများအတိုင်း ဆောင်ရွက်ပေးပြီး ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ရတနာရွှေမိုးငွေမိုး ရွာသွန်းပေးသည်။       

 

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ Judicial College အဆောက်အဦဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းပေးသည်။

 

အဆိုပါ Judicial College အဆောက်အဦကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၀၁၈-၂၀၂၂ (၅) နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၅) ရပ်အနက် မဟာဗျူဟာလုပ်ငန်း နယ်ပယ်-၄ ဖြစ်သော တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ဆောင်ရွက်ရန်ဆိုသည့် အစီအစဉ်အရ မဟာဗျူဟာ ရည်မှန်းချက် ၄ ဒဿမ ၄ နှင့်အညီ  အဆင့်မြင့် တရားရေးသင်တန်းကျောင်းတစ်ခုဖြစ်သည့် Judicial Collegeတည်ထောင်ရန် စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအဆောက်အဦကို အလျား(၁၆၄) ပေ၊ အနံ(၁၂၆) ပေရှိ RC သုံးထပ် အဆောက်အဦ တည်ဆောက်သွားမည်ဖြစ်ပြီး ဒုတိယထပ်တွင် အမျိုးသမီးအိပ်ဆောင် အိပ်ခန်း (၂၀) ခန်း၊ ပထမထပ်တွင် အမျိုးသားအိပ်ဆောင် အိပ်ခန်း (၂၀) ခန်း၊ မြေညီထပ်တွင် သင်တန်း ခန်းမများနှင့် ဆွေးနွေးခန်းများ၊ စာကြည့်တိုက်နှင့် အင်တာနက် အသုံးပြုနိုင်မည့် အခန်း၊ စုပေါင်းအစည်းအဝေးခန်းမ၊ လုံခြုံရေးအခန်း၊ တာဝန်ကျရုံးခန်း၊ ဧည့်ခန်း၊ စားသောက်ခန်း၊ နားနေခန်းနှင့် စတိုခန်းများအား သတ်မှတ်အကျယ်အဝန်းနှင့်အညီ ဖွဲ့စည်းပါရှိကာ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦ အထူးအဖွဲ့(၄)က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)