မန္တလေး  ၁၇   နိုဝင်ဘာ 

မန္တလေးမြို့ ကျူံးတောင်ဘက်ခြမ်း ၂၆ လမ်း ၆၈ လမ်းနှင့် လမ်း ၇၀ ကြားတွင် နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည့် စာအုပ်ဈေးရောင်းပွဲတော်တွင် ရောင်းချသည့်ဆိုင်တန်းများ ဝယ်ယူအားပေးကြသည့် စာပေချစ်မြတ်နိုးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်မြို့စာပေဖြန့်ချိရေးဆိုင် ကြီး များမှ သုတ၊ ရသ နှင့် ကလေးစာပေမျိုးစုံပါဝင်သည့် ဆိုင်ခန်းပေါင်း ၂၀ ကျော် လာရောက်ဖွင့်လှစ်ကာ နိုဝင်ဘာ ၁၆ ရက်နေ့မှ ၁၉ ရက် နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ရောင်းချပေးလျက် ရှိကြောင်း ရန်ကုန်မြို့ လင်းလွန်းခင်စာပေတိုက်မှ ကိုမင်းခန့်ကပြောသည်။

"မန္တလေးမြို့က အခြားဒေသတွေထက် စာဖတ်အားပိုကောင်းတဲ့ အပြင် ဖတ်ရူမှုတွေကလည်း ရသစာပေ၊ အခြားသုတနဲ့ ဗဟုသုတ စာပေတွေသာမက ကလေးစာပေတွေပါ ရွေးချယ်ဝယ်ယူဖတ်ရှုကြတဲ့ အတွက် ကျွန်တော် တို့ဆိုင်တွေအားလုံး ရောင်းအားကောင်းပါတယ်။ ဒါကြောင့် မန္တလေးဒေသခံတွေရဲ့ စာပေချစ်မြတ်နိုးစိတ်ကို အားရ ကျေနပ်မှုရှိတဲ့အတွက် ကိုယ်နှစ်သက်တဲ့စာအုပ်တွေကို တစ်နေရာ တည်းမှာ တစုတဝေးတည်း အလွယ်တကူရှာဖွေဝယ်ယူနိုင်အောင် အခုလိုကျူံးတောင်ဘက်ခြမ်းမှာ မကြာခဏလာရောက်ဖွင့်လှစ် ရောင်းချပေးနေတာဖြစ်လို့ စိတ်ကြိုက်ရွေးချယ် ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်'' ဟု၎င်းကပြောသည်။

 

a

 

 အဆိုပါ စာအုပ်အရောင်းပွဲတော်သို့ ပြည်ကြီးတံခွန်မြို့နယ်မှ လာ ရောက်ဝယ်ယူအားပေးသည့် ကိုမျိုးမြင့်ကလည်း "ဒီကျူံးတောင် ဘက် ကို ဆိုင်ကယ်နဲ့ ဖြတ်သွားရင်း စာအုပ်ဆိုင်တန်းကြီးကိုတွေလို့ ဝင် ရောက် ကြည့်ရှုပြီး ကိုယ်နှစ်သက်တဲ့ စာအုပ်တွေကို ဝယ်ဖြစ်ခဲ့ပါ တယ်။  မန္တလေး မြို့မှာ သွားလာမှုအများဆုံး နေရာဖြစ်တဲ့ ဒီကျူံးတောင်ဘက်ခြမ်း လိုနေရာမျိုးမှာ စာအုပ်ဆိုင်တွေစုစည်းပြီး ဖွင့်လှစ်ရောင်း ချပေးတဲ့ အ စီအစဉ်က ပြည်သူတွေ စာဖတ်ချင်စိတ် တွေ ဖြစ်ပေါ်လာအောင် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခုခေတ် လူငယ်တွေက စာပေနဲ့ဝေးနေတာမဟုတ်ဘူး စာအုပ်ဆိုင်တွေနဲ့ မနီးစပ်တာပါ။ အခုလိုစာအုပ်ဆိုင်တွေကို မျက်စိ ရှေ့မှာ အလွယ်တကူမြင် တွေ့နေရတော့ စာဖတ်နှုန်းတွေ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်"  ဟုပြောသည်။

 မန္တလေးမြို့ရှိ ကျူံးတောင်ဘက်ခြမ်း တွင် ရန်ကုန်စာပေဖြန့်ချိရေး ဆိုင်များမှ စာအုပ်ဈေးရောင်းပွဲတော်များကို ယခု ၂၀၁၉ ခုနှစ် အတွင်း၌ နှစ်လလျင် တစ်ကြိမ်နှုန်းဖြင့် လာရောက်ကျင်းပလျက်ရှိရာ လက်ရှိအချိန်တွင် ၅ ကြိမ်မြောက်အဖြစ်လာရောက် ဖွင့်လှစ်ရောင်းချ ခြင်းဖြစ်ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)