နေပြည်တော်  ၁၇   နိုဝင်ဘာ

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ ဦးဆောင်သည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် မိသားစုများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက မြဝတီခရိုင်၊ မြဝတီမြို့နယ် ထီးလော်သေ့ကျေးရွာ စောနေစိုးမြ မွေးမြူရေးစခန်းသို့ ရောက်ရှိကြပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

 

ရှင်းလင်းဆောင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)မှ စောနေစိုးမြနှင့် တာဝန်ရှိသူများက စခန်းအတွင်း နွား၊ ဝက်၊ ဆိတ်၊ ကြက်၊ ငါး မွေးမြူလုပ်ကိုင်နေမှု၊ နေဗီယာမြက်နှင့် မွန်ဘားဆားမြက် စိုက်ပျိုးနေမှု၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးလုပ်ကိုင်နေမှုများကို ရှင်းလင်းတင်ပြပြီး စပါးအပါအဝင် တွက်ခြေကိုက်သီးနှံ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် ရေအရင်းအမြစ် စုဆောင်း အသုံးပြုနိုင်ရေး၊ စိုက်ပျိုးမြေ တရားဝင်လျှောက်ထား အသုံးပြုနိုင်ရေး၊ နည်းပညာကူညီပေးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက ပြည်နယ်ရန်ပုံငွေမှ ကူညီထောက်ပံ့ ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက နွားမွေးမြူရေးဖွံ့ဖြိုး တိုးတက်စေရန် မေထုန်မဲ့ သားစပ်လုပ်ငန်း ဆောင်ရွက်ပေးခဲ့မှုနှင့်  တိရစ္ဆာန် ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေး ဆိုင်ရာနည်း ပညာများ ပံ့ပိုးပေးခြင်း အပါအဝင် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တလျောက် ဆောင်ရွက်ရန်လိုအပ်သည့် နည်းပညာ နှင့် သွင်းအားစုများကို ကူညီထောက်ပံ့ပေးနိုင်ခဲ့မှုနှင့် တိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ဒေသရာသီဥတုနှင့် လိုက်လျောညီထွေမည့် ငါးမျိုးရရှိရေးနှင့် နည်းပညာပံ့ပိုးပေးရန် ကိစ္စရပ်များကို လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးသက်နိုင်ဦး က မြေကြီးမြေပုံ မှန်ကန်ရေးနှင့် ဥပဒေနှင့် ညီညွတ်သော မြေယာ အသုံးပြုမှုဖြစ်စေရေး စိစစ် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ တောင်သူများအပါအဝင် ကျေးလက်နေ ပြည်သူများအား တိုက်ရိုက် အကျိုးပြုနိုင်မည့် ဦးစီးဌာနများဖြင့် ဖွဲ့စည်းထား သကဲ့သို့ လက်တွေ့ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်လည်း ရှိပါကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကူညီပံ့ပိုး ပေးခွင့်ရသည့်အတွက် များစွာဝမ်းမြောက် ပါကြောင်း၊ လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထိရောက်စွာ ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက်ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အထောက်အပံ့ဖြင့် မွေးမြူထားသော အမှတ် ၇၇၅ မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေးရာ စခန်းတာဝန်ခံ စောကော်လူးက ခြံအတွင်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် လိုအပ်ချက်များအား  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)