မန္တလေး ၁၇   နိုဝင်ဘာ 

မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် စီးပွားရေး အရှည်တည်တံ့ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာသင်တန်း(မန္တလေးသင်တန်း)ကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ရှိ မန္တလေးဟိုတယ်တွင်  ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ မန္တလေးကောင်စစ်ဝန်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ် Ms. Li Libei ၊ စီးပွားရေးကောင်စစ်ဝန် Ms. Yang Sheng၊  နှင့် တာဝန်ရှိသူများက  အမှာစကားပြောကြားကြသည်။

ထို့နောက်  အရှေ့တောင်အာရှသဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ Mr. Chen Xiang Qiu ၊ မြန်မာ့စီးပွားရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာဇော်ဦးတို့က အမှာစကားပြောကြားသည်။

 သင်တန်းမှာ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် အာဆီယံသုတေသနစင်တာ (KUSTARC) နှင့် မြန်မာ့စီးပွားရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးအဖွဲ့ (CESD)တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ အဓိကရည်မှန်းချက်မှာ မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အချိုးမညီသည့် သတင်းအချက်အလက်များ ရရှိမှုကို ပပျောက်စေကာ မြန်မာ-တရုတ် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးပြီး မြန်မာ-တရုတ်စီးပွားရေး စင်္ကြံတည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်စေရေးကို မျှော်လင့်ထားသည်။

သင်တန်းကာလသုံးရက်တွင်  ယူနန်ပြည်နယ် ကူမင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ် အာဆီယံ သုတေသနစင်တာ၊ မြန်မာနိုင်ငံ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် မြန်မာ့စီးပွားရေးနှင့် လူမှုဖွံဖြိုး တိုးတက်ရေးအဖွဲ့မှ ပညာရှင်များက မြန်မာ-တရုတ် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ စက်မှုဇုန်ဖွံဖြိုးတိုးတက်ရေးစသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုသင်တန်းသို့ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ  သင်တန်းသားစုစုပေါင်း  ၃၀  တက်ရောက်ကြကြောင်း သိရသည်။ 

MDN