ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win

 

ခြေထောက်လေးတွေက လမ်းလျှောက်ဖို့၊ ပြေးလွှားဖို့ မတ်မတ်ရပ်ဖို့လောက်ပဲ အသုံးဝင်တာလား။ လိုချင်တဲ့နေရာဆီကို အရောက်လှမ်းသွားနိုင်ဖို့ အထောက်အပံ့ပေးထားတဲ့ ခြေထောက်လေး တွေက ကျန်းမာရေးရဲ့ အချက်ပြအရာလေးတွေအဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဘယ်လို လက္ခဏာတွေများပြတာလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

 

ခြေထောက်လေးက ပြောပြနေတဲ့ သင့်ကျန်းမာရေး

 

ကဲ….ခြေထောက်လေးကို သေချာလေးဆေးလို့ တစ်ချက်ချင်းစီ တိုက်ဆိုင်စစ်ဆေး ကြည့်ရအောင်နော်။

 

ခြေမလေးက အပေါ်ကော့ကော့လေးဖြစ်နေရင်

 

ခြေမကအရင်ကထက် အပေါ်ကို ခပ်ကော့ကော့လေးဖြစ်လာပြီဆိုရင် ပြင်းထန်တဲ့ ကျောက်ကပ် ရောဂါ ခံစားနေရတာဖြစ်နိုင်သလို နှလုံးရောဂါ၊  အစာအိမ်အူနံရံရောင်တဲ့ရောဂါ ကိုခံစားနေရတာ ဖြစ်နိုင်ပါတယ်။

 

ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေရောင်နေရင်

တကယ်လို့ သင့်ရဲ့ ခြေချင်းဝတ်တွေ၊ ခြေဖမိုးတွေက ရောင်နေမယ်ဆိုရင်တော့ သွေးတိုးနေတာ ဖြစ်နိုင်သလို၊ နှလုံးကျန်းမာရေး အားနည်းတာ၊ ကောက်ကပ်ထိခိုက်နေတာ၊ အသည်း ထိခိုက်နေတာတွေကို ခံစားနေရတာဖြစ်ပါတယ်။

 

ခြေဖျားတွေအေးနေရင်

 

ခြေဖျားတွေက အေးစက်နေမယ်ဆိုရင်တော့ သွေးလည်ပတ်မှု သိပ်မကောင်းတာကြောင့် ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာက အမျိုးသားတွေထက် အမျိုးသမီးတွေမျာ ပိုအဖြစ်များပါ။ တကယ်လို့ သင်က အသက် ၄၀ ကျော်ပြီ အမြဲလိုလို ခြေဖျားတွေအေးနေမယ်ဆိုရင်တော့ သိုင်းရွိုက်စစ်ဆေးမှုလုပ်သင့်ပါတယ်။

 

ခြေထောက်ကအနာမကျက်ဘဲ ဖြစ်နေရင်

 

ခြေထောက်ကို မတော်တဆထိခိုက်မှုဖြစ်တာကြောင့် ထိခိုက်မိတဲ့ ဒဏ်ရာက အချိန်အတော်ကြာတဲ့ အထိ အနာမကျက်ဘူးဖြစ်နေမယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကိုစစ်ဆေးဖို့လိုပါမယ်။ ဒီလက္ခဏာက ဆီးချိုရှိသူတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်တာကြောင့်ပါ။ မြန်နိုင်သမျှမြန်မြန် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။

 

ခြေထောက်တွေ ထုံကျဉ်နေရင်

 

ခြေထောက်တွေက အထိအတွေ့တွေကို မသိဘဲ ထုံနေမယ်ဆိုရင် ခြေထောက်က အာရုံခံနိုင်စွမ်း ကျနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အာရုံကြောလေးတွေပျက်စီးနေတာကြောင့် ဦးနှောက်ဆီကို သတင်းမပို့နိုင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါက ဆီးချိုရောဂါရဲ့ လက္ခဏာ တစ်ရပ်ဖြစ်နိုင်သလို အရက်အလွန်အကျွံသောက်သုံးမှု၊ ဓာတုကုထုံးခံယူမှုတွေရဲ့ ရလဒ်ဖြစ်နိုင်ပါတယ်။

 

ခြေချောင်းအမွေးလေးတွေမရှိဘူးဆိုရင်

 

ခြေချောင်းမှာ အမွှေးလေးတွေမရှိတာ၊ ခြေသည်းအရောင်တွေပြောင်းနေတာက သွေးစီးဆင်းမှု မကောင်းတာရဲ့ လက္ခဏာတစ်ရပ်ပါ။ သွေးကြောလေးတွေမကျန်းမာဘူးဆိုတဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာကို ခံစားရနိုင်တယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ပါ။ ဆရာဝန်နဲ့သွားပြဖို့လိုပါမယ်။

 

ကြွက်တက်ရင်

 

ခြေထောက်ကကြွက်တက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေတယ် ဆိုတဲ့ လက္ခဏာပါ။ နေ့စဉ်စားသုံးမှုမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် ဒါမှမဟုတ် ကယ်လ်ဆီယမ် နည်းနေတယ်ဆိုတဲ့ လက္ခဏာပါ။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်မိနေတဲ့ လက္ခဏာ လည်းဖြစ်နိုင်သလို ရေဓာတ်နည်းနေတဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အာရုံကြော အားနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။

 

ခြေမအဆစ်တွေရောင်နေရင်

 

မြေအဆစ်တ ွေရောင်နေမယ်ဆိုရင် ဒါက အဆစ်ရောင်လေးဖက်နာရောဂါခံစားနေရတဲ့ လက္ခဏာပါ။ ဒီလက္ခဏာက ခြေချောင်းလက်ချောင်းလေးတွေက အဆစ်တွေမှာ အရင်ဆုံး လက္ခဏာပြတတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် လေးဖက်နာ အဆစ်ရောင်ရောဂါခံစားရနိုင်ခြေ ၄ ဆ ပိုများနေပါတယ်။

 

ခြေထောက်တွေ ခြောက်သွေ့ယားယံပြီးအဖက်တွေလန်နေရင်

 

တကယ်လို့ ခြေထောက်တွေက ခြောက်သွေ့ယားယံပြီး အဖက်တွေလန်နေမယ်ဆိုရင် ပေါ့ပေါ့တန်တန် မထားလိုက်ပါနဲ့။ ဒါကခြေထောက်မှာမှိုပိုးကူးစက်ခံနေရတဲ့ လက္ခဏာပါ။ သဲဝဲစားတာလည်းဖြစ်နိုင်ပါတယ်။ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး ဖောက်မိတာကြောင့် နေရာအနှံ့မှာ ပြန့်သွားတာမျိုးဖြစ်နိုင်ပါတယ်။

 

ခြေဖဝါးတွေနာနေရင်

 

ခြေဖဝါးတွေနာနေတာက သင့်ကိုယ်အလေးချိန်ကရှိသင့်တာထက်များနေပြီလို့ ဖော်ပြနေတဲ့ လက္ခဏာ တစ်ရပ်ပါ။ မနိုင်ဝန်ကို ထမ်းထားရတာကြောင့် ခြေဖဝါးတွေနာနေရတာပါ။

 

လမ်းလျှောက်လိုက်တိုင်း ခြေဖဝါးထဲကအရမ်းနာနေရင်

 

လမ်းလျှောက်တဲ့အခါတိုင်းခြေဖဝါးထဲက အရမ်းနာနေမယ်ဆိုရင်အရိုးပွနေတာဖြစ်နိုင်ပါတယ်။ ဗီတာမင် D အားနည်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

 

ခြေထောက်ထဲက ရုတ်တရက်စူးခနဲနာရင်

 

ဖိုင်နေရင်းကဖြစ်ဖြစ်၊ လမ်းလျှောက်ရင်းဖြစ်ဖြစ် ခြေဖဝါးအလယ်ထဲက စူးခနဲ အောင့်တာမျိုးကြုံဖူးလား။ ဒါက အာရုံကြောထိခိုက်ပျက်စီးတာဖြစ်နိုင်ပါတယ်။ ခြေထောက် ကြွက်သားတွေ အားနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။

 

ခြေသည်းလေးတွေက အဖျားကော့နေရင်

 

ခြေသည်းတွေက အလယ်မှာခွက်ပြီး အဖျားကကော့နေတာမှ ခြေသည်းခွံက ရေထည့်လို့ ရတဲ့အထိတောင် ခွက်နေမယ်ဆိုရင်တော့  သံဓာတ်အားည်းတာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ ခံစားနေရတာဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက အာဟာချို့တဲ့နေတာ ဒါမှမဟုတ် သိုင်းရွိုက်ပြဿနာ ခံစားနေရတာဖြစ်နိုင်ပါတယ်။

 

ခြေသည်းမှာ အစင်းကြောင်းတွေဖြစ်နေရင်

 

ခြေသည်းမှာ အနက်ရောင် ဒေါင်လိုက်အစင်းကြောင်းတွေဖြစ်နေမယ်ဆိုရင် ဒါက အရေပြား ကင်ဆာ ခံစားရနိုင်ခြေ အလားအလာရှိနေတယ်ဆိုတဲ့ လက္ခဏာပါ။ တကယ်လို့ ခြေသည်းတစ်ခုလုံးက အဝါရောင်ရင့်ရင့်ပြောင်းသွားမယ်ဆိုရင်တော့ မှိုပိုးကူးစက်ခံရတာပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”