ကော့သောင်း   ၁၈    နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်မပွားစေရေး၊ ယာဉ်မတော်တဆမှုများ လျှော့နည်းစေရေး၊ ယာဉ်ကြောင့် လူ့အသက်ခန္ဓာကိုယ် သေဆုံးဒဏ်ရာရမှုမရှိစေရေးနှင့် ယာဉ်အသွားအလာများပြားသည့် အဓိကလမ်းတချို့တွင် တစ်လမ်းမောင်းစနစ် စတင်ကျင့်သုံးမှုနှင့် ယာဉ်စည်းကမ်းမလိုက်နာသည့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား အမှတ်(၇၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကော့သောင်း) နှင့် ဌာနဆိုင်ရာ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

ပြည်သူများအား ယာဉ်မတော်တဆမဖြစ်စေရေး၊ ဆိုင်ကယ်စီးနင်းသူများ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းနှင့်အညီ သွားလာမောင်းနင်တတ်စေရေး ဆောင်ရွက်မှုတွင် ကော့သောင်းမြို့၏ လူနှင့်ယာဉ်အသွားအလာများပြားသည့် ကမ်းနားလမ်းတစ်လျှောက် တစ်လမ်းမောင်းစနစ်ကို စတင် ကျင့်သုံးမည့် ပညာပေးကာလအဖြစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်ပြီး  ဒီဇင်ဘာလ ၁ရက်နေ့မှစတင်ကာ စည်းကမ်းဖေါက်ဖျက်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများ ယာဉ်မတော်တဆမဖြစ်စေရေး၊ ဆိုင်ကယ်စီးနင်းသူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ သွားလာမောင်းနှင်တတ်စေရေး ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်စီး ဦးထုတ်မဆောင်းသူ၊ ဆိုင်ကယ်(၃)ယောက်စီးသူများကို ဥပဒေနှင့်အညီပညာပေး လုပ်ငန်းဆောင်ရွက်ခြင်း၊ ယာဉ်စည်းကမ်းလိုက်နာမှုမရှိဘဲ ယာဉ်အသုံးပြု သွားလာမောင်းနင်နေသူများအား စည်းကမ်းတကျ ယာဉ်မောင်းနှင်တတ်စေရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)