ညောင်ဦး   ၁၈   နိုဝင်ဘာ    

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ အကြိမ် (၉၆၀) မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပသည့် (၄၃)ကြိမ်မြောက် ပဌာန်းသိမ်းအောင်ပွဲနှင့် ပဌာန်းရွတ်ဖတ်ပူဇော်သည့် သံဃာ အပါး(၃၀)အား ဆွမ်းဆန်းစိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာ ၁၇ ရက်  မွန်းလွဲ ၁ နာရီက အဆိုပါ ရွှေစည်းခုံ စေတီတော် မြတ်ကြီး၏ ဘုရားတန်စောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ညောင်ဦးမြို့၊ မြစည်းခုံကျောင်းတိုက်ဆရာတော်ကြီး ဦးသုဇာတက ပါဝင်ပဌာန်း ရွတ်ဖတ်ပူဇော်သည့် သံဃာတော်များအား ဩဝါဒစကားများ မြက်ကြွားခဲ့သည်။ ထို့နောက် ပင့်သံဃာဆရာတော်ကြီးများနှင့် ပဌာန်းရွတ်ဖတ်ပူဇော်သည့် သံဃာတော်များအား အလှူရှင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ဝင်များ၊ စေတနာအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက (၄၃)ကြိမ်မြောက် ပဌာန်းသိမ်းအောင်ပွဲအထိမ်းအမှတ်ဘုရားနှင့် သံဃာအပါး(၃၀)တို့အား ဆွမ်းဆန်စိမ်းများ ကုသိုလ်ပါဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ဘုရားဖူးပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်ရေးအတွက် ရည်ရွယ်ကာ ညောင်ဦးမြို့၊ မြစည်းခုံကျောင်းတိုက်ဆရာတော် အရှင်ဦးသုဇာတ မှ ဦးဆောင်၍ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား အစဉ်အလာမပျက် ထည့်သွင်းကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရကာ ယခုနှစ်တွင် (၄၃)ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှကြိင် က ပြောပြသည်။

ရဲဝင်းနိုင် ( ညောင်ဦး )