မုံရွာ ၁၈ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ကျေးရွာ (၁၆)ရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သောက်သုံးရေရရှိရေးအတွက် ငွေကျပ်သန်း ၃၈၄ ဒသမ ၃၇၅ သန်း ကျခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး ထံမှ သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျေးလက်ရေရရှိရေး လုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှ ငွေကျပ် ၁၂၆ ဒသမ ၈၁၁ သန်းဖြင့် လည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် ၂၅၇ ဒသမ ၅၆၄ သန်းဖြင့် လည်းကောင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၂၆ ဒသမ ၈၁၁ သန်းဖြင့် ကျေးရွာ(၇) ရွာတွင် စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း(၅)ခုနှင့် အခြားနည်းဖြင့် ရေရရှိရေးလုပ်ငန်း (၂)ခုအား လည်းကောင်း၊ ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၅၇ ဒသမ ၅၆၄ သန်းဖြင့် ကျေးရွာ(၉)ရွာတွင် စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း(၉)ခုအား လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


