ပုသိမ် ၁၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့် FAUNA FTORA တို့ ပူပေါင်း၍ မြန်မာနိုင်ငံ အဏ္ဏဝါသဘာဝနယ်မြေများအတွက် မူဝါဒ(မူကြမ်း)ရေးဆွဲနိုင်ရေး ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပုသိမ်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Marine and Freshwater မှ မန်နေဂျာ ဦးဇော်လွင်က မြန်မာနိုင်ငံ အဏ္ဏဝါ သဘာဝနယ်မြေများအတွက် မူဝါဒ(မူကြမ်း)ရေးဆွဲနိုင်ရေး ဆွေးနွေးသွားမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် (FFI) မှ အဏ္ဏဝါထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာ Mr. Filippo Maria Carli မှ အဏ္ဏဝါနယ်မြေ ထိန်းသိမ်းခြင်း ကြောင့် ရရှိသောအကျိုးကျေးဇူးများ၊ ရေ၊ မြေ သဘာဝပတ်ဝန်ကျင် အကျိုးသက်ရောက်မှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ Marine and Freshwater အဖွဲ့မှ မန်နေဂျာ ဦးဇော်လွင် ဦးဆောင်ပြီး မြန်မာနိုင်ငံတွင် တည်ထောင်မည့် အဏ္ဏဝါသဘာဝနယ်မြေအတွက် အမြင်၊ မြန်မာနိုင်ငံအတွက် သင့်တော်သော ထိန်းသိမ်းရေးဆိုင်ရာ ရည်မှန်းချက်များချမှတ်ခြင်း၊ အဏ္ဏဝါသဘာဝနယ်မြေ နေရာရွေးချယ်ရန် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ မြန်မာနိုင်ငံအတွက် အဏ္ဏဝါရေပြင်ဧရိယာ မည်မျှကို အဏ္ဏဝါသဘာဝနယ်မြေတည်ထောင်မည့် ရည်မှန်းချက်နှင့် အချိန်ကာလသတ်မှတ်ချက်၊ မြန်မာနိုင်ငံ၏ အဏ္ဏဝါ သဘာဝ နယ်မြေဆိုင်ရာ မူဘောင်၊ ဥပဒေစိုးမိုးမည့် ဌာနနှင့် ချမှတ်မည့်ပြစ်ဒဏ်များ၊ လိုအပ်သော ရန်ပုံငွေနှင့် စောင့်ကြည့်လေ့လာမည့် အစီအစဉ်များ အပါအဝင် အခြားသော အချက်(၁၅)ချက်ကိုလည်း တက်ရောက်လာသူများနှင့် ဝိုင်းဖွဲ့၍ အကြံပြုဆွေးနွေး သွားဖြစ်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း ဒေသများတွင် အဏ္ဏဝါသဘာဝနယ်မြေကွန်ရက် တည်ထောင်နိုင်ရန်အတွက် အကောင်းဆုံး လုပ်ကိုင်နည်း များဖြစ်သော အသိပညာပေးလုပ်ငန်းများကို အခြေခံပြီး မြန်မာနိုင်ငံတွင် မည့်သည့်ပုံစံဖြင့် ပြုလုပ်သွားရမည်၊ မြန်မာနိုင်ငံ၏ အနာဂတ် အဏ္ဏဝါသဘာဝနယ်မြေ မူဝါဒထဲတွင် ထည့်သွင်းရေးဆွဲသင့်သော အချက်များကို ဆွေးနွေးအကြံပြုနိုင်ရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုးဝေဇင်(တိုင်းပြန်ဆက်)


