မုံရွာ ၁၈ နိုဝင်ဘာ
ဂျုံမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာနှင့်အကျိုးပြု အဏုဇီဝ အသုံးချဆောင်ရွက်မှု နည်းပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက အမှာစကား ပြောကြားပြီး ဇလုပ်စိုက်ပျိုးရေး သုတေသနခြံ အကြီးတန်း သုတေသနမှူး ဦးမြင့်စိုးက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ဂျုံ မျိုးကောင်းမျိုးသန့်နှင့် အကျိုးပြုအဏုဇီဝ မြေသြဇာထုပ်များကို ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် မြင်းမူ၊ ချောင်းဦး၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဝက်လက် မြို့နယ်များမှ တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ စိုက်ပျိုး သုတေသန ဦးစီးဌာန (နေပြည်တော်)မှ သုတေသနမှူး ဒေါက်တာအောင်မိုးမျိုးတင့်နှင့် တာဝန် ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် ဂျုံမျိုးကောင်းမျိုးသန့် ထုတ်လုပ်မှု နည်းပညာများနှင့် တစ်ဧကအထွက်နှုန်း တိုးတက် စေမည့် စိုက်ပျိုးနည်းစနစ် အကြောင်းနှင့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ တောင်သူများ ကိုယ်တိုင် ရွေးချယ်ခြင်းအကြောင်းကို စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာအောင်မိုးမျိုးတင့်က လည်းကောင်း၊ ထုတ်ဝေပြီး အရည်အသွေးကောင်း ဂျုံမျိုးများနှင့် အလားအလာကောင်းသော ဂျုံမျိုးများ၏ အရည်အချင်း လက္ခဏာများနှင့် သုတေသန တွေ့ရှိချက်များကို စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါ်အေးအေးဝင်းက လည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဂျုံအထွက်နှုန်း ခန့်မှန်းခြင်း၊ စံကွက်ရိတ်သိမ်းခြင်းနှင့် အထွက်မိတ်ဖက် လက္ခဏာ များ မှတ်တမ်းကောက်ယူခြင်း အကြောင်းကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သုတေသန လက်ထောက်-၃ ဒေါ်ချိုချိုမာက လည်းကောင်း၊ အကျိုးပြု အဏုဇီဝမြေသြဇာ အသုံးပြု နည်းပညာ အကြောင်းကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သုတေသနအရာရှိ ဒေါ်မြင့်ရီက လည်းကောင်း ဟောပြောဆွေးနွေးကြပြီး တောင်သူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဂျုံစိုက်ပျိုးရာသီတွင် ဂျုံသီးနှံကို ၁၁၄၁၆၁ ဧက စိုက်ပျိုးခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်း ၂၁ ဒသမ ၁၀ တင်းဖြင့် ၂၄၀၈၃၆၂ တင်းအထိ ထွက်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


