ထားဝယ် ၁၈ နိုဝင်ဘာ

 

တနင်္သာရီတိုင်း​ဒေသကြီးအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းခြင်းနှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီ က  ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ယနေ့မြန်မာနိုင်ငံတွင်  လူငယ်လူရွယ်များ၊ အမျိုးသမီးနှင့်အမျိုးသားများအပါအဝင် ပြည်သူပြည်သားများအကြား ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက် ကြီးထွက်ပစ္စည်းမျိုးစုံပါဝင်သော ကွမ်းယာကို နေ့စဉ် အဆက်မပြတ်သုံးစွဲခြင်းတို့ တိုးတက်များပြားလာနေတာကိုလည်း သတိ ပြုမိကြမှာ ဖြစ်​ကြောင်း၊ ယခုအခါ ရုံးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် အများပြည်သူတို့ စုဝေးရာနေရာများမှာ ဆေးလိပ် မသောက်ရန်နှင့် ကွမ်းစားခြင်းမပြုရေးအတွက် ဌာနဆိုင်ရာတာဝန်ခံ အသီးသီးက တာဝန်ယူပြီး အသိပညာပေးများ၊ ကန့်သတ် မှုများကို တင်းကြပ်စွာဆောင်ရွက်ကြရန် ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်​ကြောင်း၊ ထိုကြောင့် အဆင့်ဆင့်သော အစိုးရအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုထံသို့ နည်းလမ်းအသွယ်သွယ်နဲ့အ သိပညာဖြန့်ဝေပေးရန်နှင့် ဆေးလိပ်ငွေ့ ကင်းစင်သော ပတ်ဝန်းကျင်ကို တည်ဆောက်ရန်အရေးသည် အဓိကကျကြောင်း၊ ထိုကဲ့သို့ကြီးမားလှသော ကျန်းမာရေးစိန်ခေါ်မှုကြီးကို  ပြည်သူများက “နောင်တမရအောင် ဆေးလိပ်ကွမ်းယာကိုရှောင် “ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဇွဲသန်သန်ဖြင့် ရင်ဆိုင်အနိုင်ယူသွားကြရန်လိုကြောင်း ပြောကြားသည်။

 

ထိုနောက် တိုင်း​ဒေသကြီး ပြည်သူ့ကျန်းမာ​ရေးဦးစီးမှူး ဒေါက်တာထွန်းမင်း က ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း  သောက်သုံးမှုကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်ကြောင်း အများပြည်သူတို့နားလည်သဘောပေါက်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးခြင်းမှ ရှောင်ကြဉ်စေရန်၊ ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့်အများ ပြည်သူတို့၏ကျန်းမာရေးကို ထိခိုက်စေသည့် အန္တရာယ်မှကာကွယ်ရန်၊ ကလေးသူငယ်နှင့် လူငယ်များအပါအဝင် အများပြည်သူတို့ကို ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးခြင်း အလေ့အထမှ တားဆီးကာကွယ်ခြင်းဖြင့် ကျန်းမာသောနေထိုင်မှုဘဝ ရရှိစေရန်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ခြင်းဖြင့် အများပြည်သူတို့၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်း မြင့်မားလာစေရန်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံကလက်ခံထားသည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ​ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဉပဒေတွင်ပါရှိကြောင်းနှင့် ယခုတက်ရောက်လာသူများ အနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးကြရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တိုင်း​ဒေသကြီးပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုဝေ က ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်(ဆေးပညာ) ဒေါက်တာခင်စိုးနွယ် က  ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသူများနှင့်  အုပ်စုများဖွဲ့၍ ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ တိုင်း​ဒေသကြီးအစိုးရအဖွဲ့လူမှု​ရေးနှင့် စည်ပင်သာယာ​ရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထားဝယ် ပြည်သူ့​ဆေးရုံကြီးအထူးကုဆရာဝန်(​ဆေးပညာ) ​ဒေါက်တာခင်စိုးနွယ်နှင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဆရာ /ဆရာမများ၊ ပညာ​ရေး​ကျောင်းများမှ ဆရာ/ဆရာမများ၊ လူမှုရေးအဖွဲ့များ၊ တက်​ရောက်ခဲ့​ကြောင်း သတင်းရရှိသည်။

                                                                                               

(ထားဝယ်ခရိုင်ပြန်/ဆက်)