မန္တလေး ၁၈ နိုဝင်ဘာ

 

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ရှိ ဗုဒ္ဓဝင်ပြတိုက်ကို ရှေးမူလက်ရာမပျက် အကြီးစားပြုပြင်မွမ်းမံမှု လုပ်ငန်းများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဗုဒ္ဓဝင်ပြတိုက်ရှိ ပြုပြင်ရမည့်အပိုင်းများကို ပြတိုက်မှူးနှင့်ဗိသုကာပညာရှင်များက တိုင်ပင်ဆွေးနွေးကာ ရှေးမူလက်ရာမပျက် ပြုပြင် သွားမည်ဖြစ်ကြောင်း သိရသည် ။

 

" ပြတိုက်ကို လက်ရှိအနေ အထားအတိုင်းပဲ ရှေးမူမပျက်ပဲ ပြန်ပြင်မယ်။ ပြခန်းတွေတော့ နည်းနည်းပြောင်းလဲတာတွေ ရှိမယ်။ လူတွေ ပိုစိတ်ဝင်စားအောင် ပြုပြင်မှာပါ။ ပြတိုက်မှာ မန္တလေးရဲ့ပြယုဂ်တွေကိုလဲ ပြသသွားမယ်။ ဒီအတွက်လဲ ပြခန်းပညာရှင်တွေဆီအပ်ထားတယ် " ဟုအဆိုပါ ဂေါပကအဖွဲ့ဝင်ဦးသန်းလွင်ကပြောသည် ။

 

ပြတိုက်တွင် မန္တလေး၏ပြယုဂ်များဖြစ်သည့် ရွှေဆိုင်းခတ်ခြင်း၊ ရက်ကန်းရက်ခြင်း စသည်တို့ကို ရုပ်လုံးရုပ်ကြွများဖြင့် သူ့အပိုင်းနှင့်သူ ပြသသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

 

လက်ရှိတွင် ဗုဒ္ဓဝင်ပြတိုက်မှာ နှစ်ကာလ ကြာရှည်နေပြီဖြစ်သည့် အတွက် ပြတိုက်အတွင်း ပြင်ဆင်ထားမှုများမှာ ဟောင်းနွမ်းဆွေး မြည့်မှုများရှိနေပြီး ဘုရားဖူးများ စိတ်ဝင်စားမှု လျော့နည်းကာ ဝင်ရောက်ကြည့်ရှုသူ နည်းပါး လျက်ရှိကြောင့် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း သိရသည် ။

 

"အခုအဆင့်မြင့်တင်မှုတွေပြုလုပ်နေတဲ့ ဗုဒ္ဓဝင်ပြတိုက်အတွင်းမှာ  ပြသာဒ်တော်၊ သမိုင်းပန်းချီပြတိုက် စတာတွေကို ပုံစံငယ်တွေနဲ့ ပြသသွားမှာပါ ။ ဒါအပြင် ရွှေမျက်ပါးခတ်တဲ့ လုပ်ငန်းဖြစ်တဲ့ ရွှေပြားဆန့်တာကနေ ရွှေဆိုင်းခတ်တဲ့အထိ ရုပ်လုံးတွေနဲ့ လုပ်ကိုင်ပုံ အဆင့်ဆင့်ကို ပြသသွားဖို့ပါလျာထားတယ် " ၎င်းကပြောသည် ။

 

ဗုဒ္ဓဝင်ပြတိုက်တွင် မြတ်စွာဘုရား ဒေသစာရီကြွချီရာ ဒေသများ ပြသထားသည့် မြေပုံ၊ နတ်ပြည်တွင် အဘိဓမ္မာတရားဟောကြားပြီး ရွှေစောင်းတန်း၊ ငွေစောင်းတန်းခြံရံ ပြီး ပတ္တမြားစောင်းတန်းဖြင့်လူ့ပြည်သို့ ပြန်ကြွလာပုံနှင့် နိုင်ငံအသီးသီး ရှိ ဗုဒ္ဓအမွေအနှစ် လက်ရာပန်းချီ ကားများ၊ ဓာတ်ပုံများ၊ ရုပ်ပွားတော် များ စသည့်ပြခန်းတို့ကို ပြသထားသည်။

 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း မဟာမုနိဘုရာကြီးရင်ပြင်တော်ပေါ်ရှိ စွယ်တော်ပြတိုက်နှင့်  ဓမ္မစကြာပြတိုက်တို့ကို ဂေါပကအဖွဲ့က အဆင်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ခဲ့သည် ။

 

သူရိန်လင်း