နေပြည်တော်   ၁၈   နိုဝင်ဘာ ၁

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့သည် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့၌ကျင်းပသည့် (၂၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူဦးရေနှင့် ဖွံ့ဖြိုးမှုညီလာခံ-Nairobi Summit on ICPD25 သို့ တက်ရောက်ခဲ့သည်။

 

အဆိုပါညီလာခံသို့ ကင်ညာနိုင်ငံသမ္မတ Uhuru Kenyatta၊ ဒိန်းမတ်နိုင်ငံမှ Crown Princess Mery Eligabeth အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမ ှခေါင်းဆောင်များ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ms. Amina J.Mohammed၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) Executive Director Doctor Natilia Kanam နှင့် တာဝန်ရှိသူများ နိုင်ငံပေါင်း (၁၇၀)ကျော်မှ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ညီလာခံပထမနေ့ ညနေပိုင်းတွင် UNFPA Deputy Executive  Director (Programme), Mr. Dereje Wordofa နှင့်တွေ့ဆုံ၍ UNFPA နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လုပ်ငန်း၏ အောင်မြင်မှု၊ လက်ရှိဆောင်ရွက်နေသည့် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း လုပ်ငန်း တွင် UNFPA ၏ နည်းပညာဆိုင်ရာ အကူအညီပေးမှု၊ မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် e-ID လုပ်ငန်းစဉ်များနှင့် ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် UNFPA မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးဒုတိယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Health Work Force: The Dream Team for Sustainable Transformation session တွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ကျင်းပခဲ့သည့် International Conference on Population and Development (ICPD) တွင် ပါဝင်ခဲ့သည့်အချိန်မှစ၍  ICPD ရှေ့လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ခဲ့ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင် များကို အကောင်အထည်ဖော်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏အရေးပါပုံ၊ ကျန်းမာရေးဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ခေတ်မီနည်းပညာများ လက်လှမ်းမီရေးအတွက် ကျွမ်းကျင် သင်တန်းများပေးရေး စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် မြန်မာ နိုင်ငံ၏ ကတိ ကဝတ်များကို ဖတ်ကြားဆွေးနွေးခဲ့သည်။

 

အဆိုပါညီလာခံတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် ကိုယ်ဝန်ဆောင် မိခင်သေဆုံးခြင်း၊ မိသားစုစီမံကိန်းများကို အသုံးပြုလိုသော်လည်း အသုံးမပြုနိုင်ခြင်း၊ ကျား၊မ အခြေပြုအကြမ်းဖက်ခြင်းနှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များကို ထိခိုက်စေသော အမူအကျင့်များကို သက္ကရာဇ် ၂၀၃၀ တွင် အဆုံးသတ်နိုင်ရေးတို့အတွက် ကတိကဝတ်များ ပြုခဲ့ကြပြီး ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် UNFPA ၊ The Johns Hopkins University နှင့် Victoria University ၊ the University of Washington and Avenir Health တို့ပူးပေါင်း ဆောင်ရွက်သည့် သုတေသနလုပ်ငန်းများအရ အမေရိကန်ဒေါ်လာ (၂၆၄) ဘီလီယံ လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

 

Nairobi Summit on ICPD25 ကို ကင်ညာနိုင်ငံအစိုးရ၊ ဒိန်းမတ်နိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားတွင် ကမ္ဘာတစ်ဝန်းမှ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကတိကဝတ်ပေါင်း(၁၂၀၀)ကျော်နှင့် ဩစတြီးယား၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုက်စလန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်နှင့် ဗြိတိန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအစိုးရများက အမေရိကန်ဒေါ်လာ (၁) ဘီလီယံနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းများမှ စုစုပေါင်း အမေရိကန်ဒေါ်လာ (၈) ဘီလီယံ ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၉) ဘီလီယံ ထည့်ဝင်ကူညီရန် ကတိပြုခဲ့ကြသည်။

 

အဆိုပါညီလာခံတွင် ခွဲခြားဆက်ဆံခံရသည့် အုပ်စုများ၊ လူငယ်များ၊ ရပ်ရွာအခြေပြုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံခေါင်းဆောင်များ၊ မူဝါဒရေးဆွဲချမှတ်သူများအား တွေ့ဆုံ၍ ပြည်သူများ၏အခွင့်အရေးနှင့် ကျန်းမာရေးတို့ကို မည်သို့မည်ပုံအလေးထား ဆောင်ရွက်မည်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)