၁၈  နိုဝင်ဘာ

 

ကလေးကို အစားစကျွေးတဲ့အချိန် (နို့ဖြတ်တဲ့အချိန်၊ ထမင်းစကျွေးတဲ့အချိန်) ဟာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ အရမ်းအရေးပါတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် နို့စို့အရွယ်ကနေ အစားစစားချိန်မှာ ကလေးကို ဘာတွေကျွေးသင့်သလဲ၊ ဘာတွေမကျွေးသင့်ဘူးလဲဆိုတာ မေမေတို့ အတော်များများမှာ ခေါင်းစားရတဲ့ပြဿနာပါ။ အထူးသဖြင့် အသီးအနှံကျွေးတဲ့အခါပေါ့။ ဒီအတွက် မေမေတို့ စိတ်မရှုပ်ရအောင် ကလေးငယ်တွေအတွက် အာဟာရဓာတ်အပြည့်ဝဆုံးနဲ့ အသင့်တော်ဆုံး အသီး (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

 

(၁)ထောပတ်သီး

 

ကလေးကို အဆီဓာတ်ပါဝင်မှုများတဲ့ စားစရာတွေ မကျွေးသင့်ဘူးလို့ မိဘတော်တော်များများက ယုံကြည်တတ်ကြပါတယ်။ တကယ်တော့ အဆီဓာတ်ဟာ ဗီတာမင် A၊ C၊ D နဲ့ E တို့လို အဆီမှာပျော်ဝင်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပေးနိုင်တာကြောင့် ကလေးငယ်ရဲ့စားသုံးမှု အာဟာရထဲမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ အရေပြားကျန်းမာရေးနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်း အထောက်အကူ ပေးနိုင်ပါတယ်။ ထောပတ်သီးမှာ monounsaturated fats တွေနဲ့ ဗီတာမင် E လို အကျိုးပြုအဆီဓာတ်တွေအပြင် folate၊ ပိုတက်စီယမ်နဲ့ ဗီတာမင်ဘီအုပ်စုတွေ ကြွယ်ဝတာကြောင့် ကလေးတွေအတွက် အကောင်းဆုံး အသီးတစ်မျိုးဖြစ်ပါတယ်။

 

 

ကြိတ်ချေလိုက်ရင် နုညက်တဲ့အနှစ်၊ ဆိမ့်တဲ့အရသာကြောင့်လည်း အစားစားတတ်ခါစ ကလေးငယ်တွေက ထောပတ်သီးကို လက်ခံလွယ်ကြပါတယ်။ စားရတာအရသာပိုရှိစေဖို့ တခြားအသီးတွေနဲ့ရောတာမျိုး၊ ကလေးအကြိုက် အရသာသစ်ဖန်တီးတာမျိုး လုပ်ကျွေးလို့ ရပါတယ်။

 

(၂) ငှက်ပျောသီး

 

ငှက်ပျောသီးကို အာဟာရပြည့်ပြီးအရသာရှိတဲ့ အသီးတစ်မျိုးဖြစ်တဲ့အပြင် နို့ဖြတ်ခါစ ကလေးငယ်လေးတွေအတွက် အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။ အစာကြေညက်လွယ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင်ဘီအုပ်စုနဲ့ အကျိုးပြုကာ ဗိုဟိုက်ဒရိတ်တွေကြွယ်ဝလို့ ကလေးကိုလေပွခြင်း၊ မအီမသာဖြစ်ခြင်းတွေ မဖြစ်စေဘဲ ခွန်အားပြည့်စေပါတယ်။ ကလေးဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့အတွက်လည်း ငှက်ပျောသီးက ကြိုတင်ကာကွယ်ပေးနိုင်၊ ကုသပေးနိုင်ပါတယ်။

 

(၃) ပန်းသီး

 

ကျန်းမာရေးအကျိုးကျေးဇူးများလှတဲ့ ပန်းသီးက တခြားအစားအစာတွေ မစားခင်မှာ အစာခြေစနစ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှုမများပေမယ့် အမျှင်ဓာတ်က ကြွယ်ဝပါတယ်။ ပန်းသီးမှာပါတဲ့ အာဟာရဓာတ်တွေကြောင့် ဆီးချိုသွေးချိုဖြစ်နိုင်ခြေကို လျော့နည်းစေတယ်၊ ကိုလက်စထရောပမာဏကို လျော့ကျစေတယ်၊ မျက်စိအတွင်း တိမ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေရဲ့ဆိုးကျိုး သက်ရောက်မှုတွေကနေ ကာကွယ်ပေးနိုင်တဲ့အတွက် ကလေးကို စကျွေးသင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

 

(၄) စပျစ်သီး

 

စပျစ်သီးလေးတွေကလည်း ပန်းသီးလိုပဲ အစာခြေစနစ်အတွက် အထောက်အကူပေးတဲ့အပြင် ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားလို့ ကလေးကိုဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့် သွေးတိုးမဖြစ်အောင် ကာကွယ်နိုင်ပြီး ဓာတ်မတည့်မှု အန္တရာယ်ကိုလည်း လျော့နည်းစေပါတယ်။ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြောင့် အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့အူမကြီး ကင်ဆာတို့ ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။

 

(၅) ဘယ်ရီသီးများ

 

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ၊ ဘလက်ဘယ်ရီအပါအဝင် ဘယ်ရီသီးနွယ်ဝင်တွေက ကလေးအတွက်ရော၊ လူကြီးအတွက်ပါ သင့်တော်ပါတယ်။ အရောင်ရင့်လေ အာဟာရဓာတ်ကြွယ်ဝလေဖြစ်တဲ့ ဘယ်ရီသီးတွေက ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပြည့်ဝပါတယ်။ ဘယ်ရီသီးတွေက ဦးနှောက်လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးပြီး မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ ဒါ့ကြောင့် ကလေးလေးတွေကို သရေစာအဖြစ်နဲ့ ဘယ်ရီသီးတွေကျွေးတာ၊ ကြိတ်ပြီးဖျော်ရည်လုပ်ပေးတာ ဒါမှမဟုတ် အပေါ်မှာဖော်ပြခဲ့တဲ့တခြား အသီးတွေနဲ့ရောကျွေးနိုင်ပါတယ်။

 

ဘယ်ရီသီးတွေမှာ DHA အပါအဝင် Omega-3 fatty acids တွေလည်းကြွယ်ဝတဲ့အတွက် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အထောက်အကူပိုဖြစ်စေမှာပါ။ DHA (docosahexaenoic acid) ဆိုတာomega-3 fatty acid တစ်မျိုးဖြစ်ပြီး အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်လိုအပ်သလို ဦးနှောက်အတွက် DHA လိုအပ်ပါတယ်။

 

ရေးသားသူ -Yun Sandi Nan Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”