ရန်ကုန် ၁၈ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကတံတားကြီးဖြစ်သော ဘုရင့်နောင်အမှတ်(၁)တံတားကြီးအား အောက်တိုဘာ ၅ ရက်နေ့မှစ၍ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တည်ဆောင်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)မှသိရသည်။
ရန်ကုန်မြို့ဝင်ပေါက်ဖြစ်သော လှိုင်မြစ်ကူးတံတားကြိီးလေးစင်းတွင် ပထမဆုံးတည်ဆောက်ခဲ့သည့် ဘုရင့်နောင် အမှတ်(၁)တံတားကြီးကို ၁၉၉၄-ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွက် ကုန်စည်စီးဆင်းမှုနှင့် ကူးသန်းသွားလာရေးအတွက် အရေးပါသော တံတားကြီးတစ်စင်းအဖြစ် ယနေ့တိုင် အကျိုးပြုလျှက်ရှိသည်။
သံကူကွန်ကရစ်ဖြင့် တည်ဆောက်ထားသော တံတားကြီးအရှည်မှာ ၁၆၄၀ ဒသမ ၈၃ ပေ ရှည်လျားပြီး တံတားတစ်ဖက် တစ်တစ်ချက်စီတွင် လူသွားလမ်း(၆)ပေထားရှိကာ ရေလမ်းကင်းလွတ်အမြင့်အား ၃၇၀ ပေထားရှိ၍ တံတားခံနိုင်ဝန်မှာ တန် ၂၀ ဖြစ်သည်။ ၂၅ နှစ်ကြာ သက်တမ်းရှိသော ဘုရင့်နောင်အမှတ်(၁)တံတားကြီးပေါ်မှ ရန်ကုန်မြို့အဝင် ယာဉ်များဖြတ်သန်းသွားလာလျှက်ရှိရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ချိန်တွင် ယာယီပိတ်ထားခဲ့ပြီး အဓိကလုပ်ငန်းဖြစ်သော ရေလည် တိုင်လေးခုနှင့် ကမ်းကပ်တိုင်(၂)ခုရှိ တံတားအထိုင်ခုံ Braring plate 12 ခုကို ယနေ့တွင်အပြီး သတ်တပ်ဆင်ပြီးဖြစ်ရာ သံမ ဏိသံဘောင်များ ဆေးသုတ်ခြင်း လုပ်ငန်းပြီးစီးလုနီးပါးနှင့် တံတား၏ အချောသတ် လုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသည်။
ယာဉ်ဖြတ်သန်းသွားလာမှုများသော လှိုင်မြစ်ကူး တံတားကြီးဖြစ်သည့် ဘုရင့်နောင်အမှတ်(၁)တံတား၊ ဘုရင်နောင်အမှတ် (၂)တံတား၊ အောင်ဇေယျကြိုးတံတားနှင့် ရွှေပြည်သာတံတား စသည့်တံတားကြီး လေးစင်းတွင် ဘုရင်နောင်အမှတ်(၁)နှင့်အ မှတ်(၂)တံတားကြီးနှစ်စင်းသည် ရန်ကုန်မြို့တွင်းသို့ အနီးဆုံးဖြတ်သန်း သွားလာနိုင်သော တံတားနှစ်စင်းဖြစ်ပြီးဘုရင့်နောင်အ မှတ်(၁)တံတားကြီးယာယီပိတ်ထားချိန်တွင် ဘုရင့်နောင်အမှတ်(၂) တံတားပေါ်မှ ရန်ကုန်မြို့ဝင်၊ မြို့ထွက်ယာဉ်များဖြတ်သန်း သွားလာရာ၌ ယာဉ်ကြောကြပ်တည်းမှု အခက်အခဲရှိသော်လည်း ယခုလကုန်ပိုင်းတွင် ဘုရင့်နောင်အမှတ်(၁)တံတားကြီးပြန် လည်ဖွင့်လှစ်မည်ဖြစ်၍ ယာဉ်သွားလာမှုအဆင်ပြေချောမွေ့စေမည်ဖြစ်သောကြောင့် အချောသတ် လုပ်ငန်းများ ဆောင်ရွက် နေသောဘုရင့်နောင် အမှတ်(၁)တံတားကြီး နိုဝင်ဘာ(၃၀)ရက်နေ့တွင် ယာဉ်ကြောပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တည်ဆောက်ရေး အဖွဲ့၊တံတားအထူးအဖွဲ့(၁၀)မှ သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


