နေပြည်တော် နိုဝင်ဘာ ၁၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံ ဉီးပြေဟိန်းနိုင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က လိုအပ်သည်များကို ဖြည့်စွက်တင်ပြပြီး ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဦးဇော်ထွန်းက ပြည်ထောင်စု တိုင်းရင်း သားကျေးရွာ(ရန်ကုန်)၌ ပဲခူးတိုင်းဒေသကြီးရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက အပတ်စဉ် ရုံးပိတ်ရက်များတွင် လာရောက်ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)ကို ယဉ်ကျေးမှုထိန်းသိမ်းရာနေရာအဖြစ် အဆင့်မြှင့်တင်သွားနိုင်ရေး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှေ့ဆက်လက်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ဖျော်ဖြေ ရေးအစီအစဉ်များကို ပြည်သူလူထုအား အသိပေးဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အတွင်းရှိ ပြုပြင်မွမ်းမံနေသည့် ပြည်ထောင်စုခန်းမ၊ နန်းမြင့်မျှော်စင်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း လူပျိုဆောင်၊ အပျိုဆောင်များနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာမြေနေရာ တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နန်းမြင့်မျှော်စင်အတွင်း ပြည်သူများလေ့လာ နိုင်ရန် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများ စုံလင်စွာထားရှိရေး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနိုင်ရေးအတွက် လူပျိုဆောင်နှင့် အပျိုဆောင် များရှိ အိပ်ဆောင်၊ စားရိပ်သာများ သန့်ရှင်းစွာ ပြင်ဆင်ထားရှိရေးကို မှာကြားသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အောက်တိုဘာလမှစ၍ အပတ်စဉ် စနေ တနဂငေ်္နွနေ့များ၌ ဖျော်ဖြေရေးအစီအစဉ်များ အဆင့်မြှင့်တင် လျက်ရှိရာ တိုင်းရင်းသား ရိုးရာ အဆို အက အလှများအပါအဝင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို မိဘပြည်သူများအား ဖျော်ဖြေနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ တိုင်းရင်းသားအဆိုပညာရှင်များ၊ မျက်လှည့် ပညာရှင်များကိုဖိတ်ခေါ်၍ သရုပ်ပြဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
(သတင်းစဉ်)


