နေပြည်တော် ၁၈ နိုဝင်ဘာ
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှသင်တန်းသား၊ သင်တန်းသူ များ၊ International Institute for Democracy and Electoral Assistance (International IDEA) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ ဖွင့်လှစ်သည့် စွမ်းရည်မြှင့်သင်တန်း သည် ဒုတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ ပထမအကြိမ် သင်တန်းကို သင်တန်းသား (၁၀၄) ဦးဖြင့် အောင်မြင်စွာကျင်းပပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထား သည့်စံ(၅)ချက်နှင့် အညီကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင် အဖွဲ့ ခွဲအဆင့်ဆင့်တွင် တာဝန် ယူဆောင်ရွက်နေရသည့် ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ကျွမ်းကျင် ပိုင်နိုင်စွာဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေးနှင့် စွမ်းဆောင်ရည်များ မြင့်မားနေရန် လိုအပ်ပါ ကြောင်း၊ သင်တန်းတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အဓိကကျသောသင်ခန်းစာ များကို ခေါင်းစဉ် (၁၀) ခုဖြင့် ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများပြုစုပြီး ဖြစ်ပါကြောင်း၊ ရရှိထားပြီး ဖြစ်သည့်မဲစာရင်းများကို လုပ်ငန်းစီမံချက်အတိုင်း Up to Date ဖြစ်စေရန် စိစစ်ပြင်ဆင် ဆောင်ရွက်သွားမှသာ ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိမည်ဖြစ်ပါကြောင်း။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်း ပရန် (၁) နှစ်ခန့်သာ လိုတော့သည့်အတွက် လုပ်ငန်းများ စဉ်ဆက်မပြတ် ရှိနေမည်ဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အလိုက်လုပ် ဆောင်ရမည့်ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေမှသာ လုပ်ငန်းများအဆင်ပြေ ချောမွေ့မှုရှိ၍ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများသည် မှန်ကန်တိကျမှုရှိရန်၊ ရွေးကောက်ပွဲ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီဖြစ်ရန်၊ ဘက်လိုက်မှု ကင်းပြီး သမာသမတ် ကျရန်လို အပ်ပါကြောင်း၊ ယခုသင်တန်းသည် ဆရာဖြစ်သင်တန်း ဖြစ်သည့် အတွက် သင်တန်းသားများ အနေဖြင့် သင်တန်းကပို့ချသည်များကို စနစ်တကျလေ့လာသင်ယူကြ ရန်နှင့် မိမိတို့ကိုယ်တိုင် လက်တွေ့ဆောင်ရွက်ရသည့် အတွေ့အကြုံများဖလှယ်ခြင်း၊ ဗဟုသုတများ မျှဝေခြင်းများ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့ဒေသများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံအဖွဲ့ဝင် များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင်အခက် အခဲမရှိပို့ချနိုင် မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ International IDEA အဖွဲ့မှSenior Programme Manager Mr. Parvinder Singh ကအမှာစကားပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများနှင့် အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ပြီးသင်တန်းပထမနေ့အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါသင်တန်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် International IDEA အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယနေ့သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့် ဆင့်မှ သင်တန်းသား၊ သင်တန်းသူ (၉၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


