ရန်ကုန် ၁၈ နိုဝင်ဘာ
ဆေးတက္ကသိုလ် (၅) ခုတွင် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းမှ စတင်၍ ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)ဖြင့် သင်ကြားနိုင်ရေး အတွက် အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က နိုင်ငံတော်နှင့် ပြည်သူများအတွက် ပိုမိုအရည်အသွေးမြင့်မားသော ဆေးပညာရှင်များ မွေးထုတ်ပေးနိုင် ရန်အတွက် ခေတ်နှင့်အညီ၊ နိုင်ငံတကာတွင် အသုံးပြုသင်ကြားလျက်ရှိသော ရလဒ် အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ကိုဆေးတက္ကသိုလ် များတွင် စတင်အသုံးပြု သင်ကြားတော့မည်ဖြစ်သဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေသူများအားလုံးကို ကျေးဇူးတင်ရှိအသိအမှတ်ပြုပါကြောင်း၊ သင်ရိုးညွှန်းတမ်းသစ် သည် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒအစရှိသည့် ဆေးလက်တွေ့အခြေခံပညာရပ် များကို တစ်နှစ်မှတစ်နှစ်ခွဲကာလအထိ ယခင်ကကဲ့သို့ သီးခြားသင်ကြားခြင်းမပြုတော့ဘဲ အခြေခံအုတ်မြစ် စာသင်နှစ်မှနောက်ဆုံးနှစ်အထိသင်တန်း ကာလတစ် လျောက်လုံးတွင် သက်ဆိုင်ရာအကြောင်းအရာအလိုက် ဘာသာရပ်အသီးသီးကို ပေါင်းစည်းချိတ်ဆက်ပြီး သင်ကြားသွားမည်ဖြစ်သည့်အတွက် အလွန်ထိရောက်သည့် သင်ကြားမှုပုံစံဖြစ်ပါကြောင်း။
ယခုသင်ရိုးညွှန်းတမ်းအသစ်တွင် တက်ကြွစွာ အပြန်အလှန်ဆွေးနွေးမှုပုံစံဖြင့် သင်ကြား သင်ယူမှုပြုလုပ်ခြင်းကြောင့် သင်ယူသူများသည် ရောဂါတစ်ခု၊ ရောဂါနှင့် နှီးနွှယ်သောအကြောင်းအချက်များအပေါ်တွင် ဝေဖန်သုံးသပ်ဆင်ခြင်နိုင်မှု၊ ခွဲခြမ်းစိတ်ဖြာ တွေးခေါ်နိုင်မှု၊ ဆန်းသစ်ကွဲပြားစွာ တွေးခေါ်နိုင်မှု စသည့်စွမ်းရည်များ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဆေးပညာကျင့်ဝတ်များကို ခိုင်မြဲစွာသိရှိလိုက်နာဆောင် ရွက်နိုင်ရေးအတွက် အကြောင်းချင်းရာ တစ်ရပ်အပေါ် ဝိုင်းဝန်းဝေဖန်ဆွေးနွေးခြင်းပုံစံဖြင့် သင်ကြား ပေးသွားစေလိုပါကြောင်း။
ယခုစတင်သင်ကြားမည့် စနစ်သည် သင်ကြားသူ ဆရာ၊ ဆရာမများနှင့် သင်ယူသူ များ အကြားပွင့်လင်းရင်းနှီးသော ကောင်းမွန်သည့်ဆက်ဆံရေးကောင်းကိုလည်း ဖြစ်ပေါ် စေမည်ဖြစ်ပါကြောင်း၊ ထိုမှတဆင့်သင်ယူသူများထံမှ အခက်အခဲများ၊လိုအပ်ချက်များကို ပွင့်လင်းစွာထောက်ပြပြောဆိုမှု (feedback) များကို ရရှိနိုင်ရုံသာမက သင်ကြားသင်ယူမှု ကို အထောက်အကူပြုသောပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်များနိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို အထူးပံ့ပိုး အားပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိတက္ကသိုလ်များတွင် နိုင်ငံတကာနည်းတူ တက္ကသိုလ်ကိုယ်ပိုင်အီးမေးလ် (email) များကို မကြာမီကာလအတွင်း ရရှိအသုံးပြုနိုင် တော့မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရလဒ်အခြေပြု ပေါင်းစည်းချိတ်ဆက်သင်ရိုးညွှန်းတမ်းပေါ် ပေါက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးမောင်ဟန်က သင်ရိုးညွှန်းတမ်းရေးဆွဲ ဖြစ်ထွန်းလာမှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဒုတိယ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာခင်မာမြင့် သင်ရိုးညွှန်းတမ်းအသုံးပြု သင်ကြားရန် အသင့်ပြင်ဆင်ထားရှိမှုများကို တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးအခြေခံ၊ ဆေးလက်တွေ့အခြေခံနှင့်ဆေးလက်တွေ့ ဘာသာရပ် များမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ ကသင်ရိုးညွှန်းတမ်းအသုံးပြု၍ သင်ကြားဆောင်ရွက်နိုင်ရေးအတွက် မေးမြန်းခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက် သင်ကြားခြင်းသင်ရိုးညွှန်းတမ်း ပေါ်ပေါက်လာရေးအတွက် ဗဟိုကော်မတီကို (၂၀၁၆) ခုနှစ်၊ ဇူလှိုင်လတွင်စတင်ဖွဲ့စည်း ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ (၂၅)ကြိမ်နှင့်ကော်မတီအစည်းအဝေး (၄၀) ကြိမ်ပြုလုပ်ကာ ပညာရှင်များထံမှ အကြံပြုချက်များ ရယူကာရေးဆွဲခြင်း၊ နိုင်ငံတကာသို့သွားရောက်လေ့ လာခြင်းနှင့် အမေရိကန်နိုင်ငံ၊ Johns Hopkins တက္ကသိုလ်မှကျွမ်းကျင်သူပညာရှင်၏ အကြံပြုချက်ကို ရယူခြင်းတို့ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သင်ရိုးညွှန်းတမ်းအသုံးပြုသင်ကြားရန်လိုအပ်သော အခြေခံအဆောက် အဦများနှင့် ကိရိယာများဖြည့်ဆည်းဆောင်ရွက်ခြင်း၊ သင်ကြားသူ ဆရာမ၊ဆရာမများ အား လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဤသင်ရိုးညွှန်းတမ်းသစ်တွင် (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့မှစတင်၍ ဆေးတက္ကသိုလ်များတွင် ပထမအခြေခံအုတ်မြစ်နှစ်မှ စတင်သင်ကြားသွားမည်ဖြစ်သည်။
ပထမအခြေခံအုတ်မြစ်နှစ်မှ နောက်ဆုံးနှစ်အထိ (၆) နှစ်တာကာလအတွင်း ဆေး အခြေခံဘာသာရပ်များ၊ ဆေးလက်တွေ့အခြေခံဘာသာရပ်များနှင့် ဆေးလက်တွေ့ ဘာသာရပ်များအပြင် စမ်းသပ်စစ်ဆေးကုသမှုပညာရပ် ၊ လူမှုရေးနှင့် အပြုအမူပိုင်း ဆိုင်ရာပညာရပ် ၊ ၊လူထုကျန်းမာရေးနှင့်မိသားစုဆေးပညာဘာသာရပ် ၊ဆေးပညာကျင့် ဝတ်နှင့်ပညာရှင်ပီသမှု ပညာရပ်အကြောင်းအရာများကိုလည်း သင်တန်းကာလတစ် လျှောက်လုံးထည့်သွင်း၍ ကျောင်းသားဗဟိုပြု စနစ်ဖြင့်သင်ကြားဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


