ဂွ   ၁၈  နိုဝင်ဘာ

ဂွမြို့နှင့် မန်ကျည်းငူကျေးရွာသို့ ဆက်သွယ်မည့် ဂွချောင်းတံတား ပန္နက်တော်တင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါ တံတားတည်ဆောက်မည့် ဂွမြို့ ကင်းရုံးရပ်ကွက်၊ ဖောင်တော်ဆိပ်၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက  ဂွချောင်းတံတားစီမံကိန်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ထို့နောက် ဂွမြို့ မြို့မိမြို့ဖ   ဦးခင်မောင်ထွေးက ဂွချောင်းတံတား တည်ဆောက်ပေးသည့်အတွက် မန်ကျည်းငူ၊ ကျောက်ချွန်စသည့် ကျေးရွာများမှ ဒေသခံများ၊ ဈေးရောင်းဈေးဝယ် သွားလာရေးနှင့် ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်ရန်  ဂွမြို့သို့ အလွယ်တကူ သွားရောက်နိုင်တော့ မည်ဖြစ်သည့်အတွက်  ကျေးဇူးတင်ပါကြောင်း၊ ယခင်က ဂွမြို့သို့ သွားရောက်ရာတွင် စက်လှေများဖြင့် ချောင်းဖြတ်ကူးရသည့်အတွက် စက်လှေစောင့်စရာပင် မလိုတော့ဘဲ လွယ်လွယ်ကူကူသွားလာနိုင်တော့မည်ဖြစ်၍ မြို့သူမြို့သားများကိုယ်စား ကျေးဇူးတင် ဝမ်းမြောက် မိပါကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ပြည်နယ်လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်‌ရေး ဝန်ကြီးဦးအောင်ကျော်ဇံ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း(ခ)ဦးစိုးလေး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေး တို့က  မင်္ဂလာပန္နက်များ တင်ပေးကာ အ‌မွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က တံတား၏ အမှတ်(၁) ဘိုးပိုင်တိုင်ကို စက်ခလုပ်နှိပ် ရိုက်သွင်းပေးကြပြီး  အမွှေးနံ့သာရည်များ ပက်ဖျန်းပေး သည်။

အဆိုပါ ဂွချောင်းဖြတ်ကူးတံတားကို ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်   ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀ဝ နှင့်  ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀ဝ၀ တို့ဖြင့် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၈)မှ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ အဆိုပါ ဂွချောင်းကူးတံတားမှာ အရှည် ပေ ၁၃၂၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်း တစ်ဖက်လျှင် အကျယ် ၃ပေ စုစုပေါင်း တံတားအကျယ် ပေ ၃၀ ရှိကာ ရေလမ်းကင်းလွတ်အမြင့် ပေ ၂၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိမည်ဖြစ်သည်။ အဆိုပါ တံတား၏ ယက်မ၊ ကြမ်းခင်း၊ အောက်ထည်နှင့် ဘိုးပိုင်အားလုံးကို သံကူကွန်ကရိဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၇၅ တန်ဖြတ်သန်း သွားလာနိုင်မည့် တံတားတစ်စင်းဖြစ်သည်။

အဆိုပါ ဂွချောင်းကူးတံတားသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ဆက်သွယ်ပေးမည့် လမ်းကြောင်းပေါ်တွင် ဒုတိအရေးကြီးဆုံး တံတားတစ်စင်းဖြစ်ပြီး အဓိက အရေးကြီးဆုံး တံတား တစ်စင်းဖြစ်သည့် ကျောက်ချွန် တံတားကိုလည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။

ကျောက်ချွန် တံတားသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပေါက်လှချိုင်ကျေးရွာမှ တစ်ဆင့် ငရုတ်ကောင်း - ငွေဆောင် - ချောင်းသာ - ရွှေသောင်ယံ - ဝက်သေ - မကျီးစင်ကျေးရွာမှ ရခိုင်ပြည်နယ် ဂွမြို့နယ် ကျောက်ချွန် ကျေးရွာသို့ ဆက်သွယ်ပေးထားသည်။

ထို့မှတစ်ဆင့် ယခုတည် ဆောက်မည့် ဂွချောင်းကူး တံတားသည် ကျောက်ချွန် - မကျည်းငူ စသည့် ကျေးရွာများမှ ဂွမြို့သို့ တစ်ဆက်တစ်စပ်တည်း ဆက်သွယ်ပေးမည့် တံတားဖြစ်ကာ ဂွကမ်းရိုး တန်းပတ်လမ်းပေါ်တွင် အရေးပါသော တံတား တစ်စင်းဖြစ်လာမည် ဖြစ်သည်။

ဂွချောင်းကူးတံတား တည်ဆောက်ပြီးပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် စီးပွားရေး၊ လူမှုရေး၊ ကူးသန်းရောင်းဝယ်ရေးအတွက် ဆက်သွယ်ရာအတွက် လမ်းကြောင်းသစ်တစ်ခု တိုးတက် လာပြီဖြစ်၍ ဂွမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကမ်းသာယာ ကမ်းခြေ၊ ကျိန္တလီ ကမ်းခြေ၊ ဂွကျွန်းနှင့် သံတွဲမြို့နယ် ငပလီကမ်းခြေများသို့ ကုန်းလမ်းခရီး လာရောက် နိုင်မည်ဖြစ်၍ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာပြီး ရခိုင်ပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပိုမိုအထောက်အကူပြုလာနိုင်မည့် တံတားတစ်စင်းလည်း ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်ကြီး(ပဏီတ)၊ ဇင်ဦး(မြန်မာ့အလင်း)