၁၉ နိုဝင်ဘာ
ရောမ နိုဝင်ဘာ ၁၈ သမိုင်းဝင် မြို့တစ်မြို့ဖြစ်သည့် ဗင်းနစ်မြို့တွင် မကြုံစဖူး ဒီရေမြင့်တက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရေလွှမ်းမိုးမှုကြောင့် ပိတ်ထားခဲ့ရသည့် ကျောင်းများကို ပြန်ဖွင့်သွားမည်ဟု မြို့တော်ဝန် Luigi Brugnaro က တွစ်တာမှတစ်ဆင့် နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဗင်းနစ်မြို့တွင် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ဒီရေမှာ ၁၅၀ စင်တီမီတာရှိသည်ဟု မြို့တော်မှ ဒီရေခန့်မှန်းမှုနှင့် သတင်းတင်ပြမှုစင်တာက ပြောသည်။ နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အများဆုံး ၁၁၀ စင်တီမီတာအထိ ရောက်ရှိနိုင်ကြောင်းလည်း အဆိုပါစင်တာမှ ပြောသည်။ ထို့အပြင် လာမည့်ရက်များအတွင်း ဒီရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
ဗင်းနစ်မြို့နှင့် ဗင်းနစ်မြို့သားများအတွက် အမှောင်နေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့် ယခုအချိန်သည် အတူတကွတစ်ဖန် ပြန်လည်ရပ်တည်ရမည့်အချိန်ဟု ဗင်းနစ်မြို့တော်ဝန်က ပြောသည်။
ဗင်းနစ်မြို့မှစတင်ကာ တစ်ကမ္ဘာလုံးအနှံ့ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကို လေ့လာကြစို့ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အစောပိုင်း ကာလကလည်း ဗင်းနစ်မြို့ ရေကြီးရခြင်းမှာ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ပင်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာ


