အင်းတော် ၁၉ နိုဝင်ဘာ
ဂျပန်နိုင်ငံ ဂျပန်အခြေခံအဆောက်အဦ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP) ဂျပန်ပရဟိတမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ငုပ်လျှိုးတံတား ပန္နက်တင် မင်္ဂလာအခမ်းအနားကို စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် ဟောင်းတုန်းကျေးရွာ လေးတန်းချောင်းတွင် နိုဝင်ဘာ ၁၉ ရက် နံနက် ၈နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည် ။
အခမ်းအနားတွင် ဂျပန် အခြေခံခံအဆောက်အဦ ပူးပေါင်းတည်ဆောက်ရွက်ရေး ဂျပန်ပရဟိတ အဖွဲ့မှ မစ္စတာနာကာအိုက ငုတ်လျှိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ကျေးလက်နေ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရးတို့ကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိစေရန် ရည်ရွယ်၍ အဆိုပါငုပ်လျှိုး တံတားကို တည်ဆောက်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည် ။
ထို့နောက် အင်းတော်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းနှင့် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းတို့က အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်မျိုးထွေးက ရေကျော်ရေနိမ့်ငှပ်လျှိူး တံတားဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ ဟောင်းတုန်းကျေးရွာ ရပ်မိရပ်ဖဦးဉာဏ်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည် ။
ဆက်လက်၍ ပန္နက်တင်မဂ်လာအခမ်းအနားကို အဆိုပါတံတားတည်ဆောက်မည့် မြေနေရာတွင် ဂျပန်အခြေခံ အဆောက်အဦ ပူးပေါင်းတည်ဆောက်ရွက်ရေး ဂျပန်ပရဟိတအဖွဲ့ (JIP) မစ္စတာ နာကာအို၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်မျိုးထွေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးသန်းဝင်းနင့် အင်းတော်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ တံတားမှာ အလျားပေ ၁၈ဝ၊ အကျယ် ၁၂ ပေရှိပြီး ဂျပန်အစိုးရနှင့် ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် ဂျပန်ပရဟိတအဖွဲ့ (JIP)က အကောင်အထည်ဖော် ဆောင်ရွက်ကာ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောက်လုပ်ပြီး ၂၀၂၀ ခုနှစ် မေလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် ။
နီတိုး


